ငွေပေးချေမှုပြုလုပ်လို့ရတဲ့ payment card မျိုးကွဲများစွာထဲမှာ လက်ရှိမြန်မာပြည်မှာ အသုံးတွင်ကျယ်နေတာကတော့ prepaid card ရယ်၊ debit card ရယ်၊ credit card ရယ်ပဲ ဖြစ်ပါတယ်။
Prepaid card က ဘယ်လို ကဒ်အမျိုးအစားလဲဆိုရင် ကဒ်ထဲမှာငွေကို ကြိုတင်ထည့်သွင်းပြီးမှ အသုံးပြုရတဲ့ ကဒ်အမျိုးအစားဖြစ်ပါတယ်။ Prepaid card ကို ဘဏ်စာရင်းအကောင့်နဲ့ ချိတ်ဆက်ထားခြင်း မရှိပါ။ ကဒ်အမျိုးအစားအားလုံးထဲမှာ ကဒ်ကိုင်ဆောင်သူဘက်ကနေ တစ်ကိုယ်ရေ အချက်အလက်များနှင့် အခြားလိုအပ်ချက်များစွာ မတောင်းဆိုပဲ အလွယ်ကူဆုံး လျှောက်ထားရယူနိုင်တဲ့ ကဒ်ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သုံးသလောက်ထည့်၊ ထည့်သလောက်သုံးရမယ့် ကဒ်ဖြစ်ပါတယ်။
Debit card ကတော့ ဘဏ်စာရင်းအကောင့်နဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ကဒ်အမျိုးအစားဖြစ်ပါတယ်။ Prepaid card မှာလို ကဒ်ထဲကို ငွေဖြည့်ပြီး အသုံးပြုရတာမျိုး မဟုတ်တော့ဘဲ ကဒ်အသုံးပြုတိုင်းမှာ မိမိရဲ့ ဘဏ်အကောင့်ထဲက ငွေကို တိုက်ရိုက်သုံးစွဲရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် debit card လျှောက်ထားရယူအသုံးပြုရန်အတွက် ဘဏ်မှာ ငွေစာရင်းအကောင့်တစ်ခု ရှိထားဖို့ သို့မဟုတ် ဖွင့်ဖို့လိုပါတယ်။ ဒီနေရာမှာ prepaid card ထက် အားသာသွားတာကတော့ သီးသန့်အလုပ်ရှုပ်ခံပြီး ငွေဖြည့်စရာ မလိုတော့တာပါ။ ပြောင်းပြန် အကျိုးသက်ရောက်မှုကတော့ prepaid card တွေမှာ အခြားသူတစ်ယောက်က ခိုးယူသုံးစွဲတာခံရရင် ငွေဖြည့်ထားသလောက်ပဲ ဆုံးရှုံးနိုင်တာဖြစ်ပေမယ့် debit card များမှာတော့ ဘဏ်စာရင်းအကောင့်ထဲမှာရှိသလောက် ငွေကြေးဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိမှာ ဖြစ်ပါတယ်။
Credit card ကတော့ အကြွေးဝယ်ကဒ် အမျိုးအစား ဖြစ်ပါတယ်။ Prepaid card နဲ့ debit card တွေမှာ ကဒ်ကိုင်ဆောင်အသုံးပြုသူဟာ အသုံးပြုတိုင်းမှာ ငွေကို လက်ငင်းပေးချေရတာဖြစ်ပြီး၊ credit card မှာတော့ ကဒ်ထုတ်ပေးသူ ဘဏ်၊ ငွေကြေးအဖွဲ့အစည်းက ကဒ်အသုံးပြုချိန်မှာ ငွေစိုက်ရှင်းပေးထားပြီး လကုန်လို့ ငွေစာရင်းရှင်းတမ်း monthly statement ရခါမှ ပြန်လည်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ Credit card တွေမှာ ယေဘုယျအားဖြင့် သက်ဆိုင်ရာ ကဒ်ထုတ်ပေးသူဘဏ်၊ ငွေကြေးအဖွဲ့အစည်းက သတ်မှတ်ပေးထားတဲ့ billing cycle အတွင်း ကဒ်အသုံးပြုသူမှ ငွေအပြည့်ပြန်လည်ပေးဆောင်ပါက အတိုးကောက်ခံလေ့မရှိပါ။ အကြမ်းဖျင်း တစ်လခန့် ဘဏ်ကငွေကို အခမဲ့သုံးစွဲလို့ရတယ်လို့ မှတ်ယူနိုင်ပါတယ်။ အကယ်၍ သတ်မှတ်ရက်အတွင်းမှာ ငွေကြေးပြန်လည်မပေးဆောင်ခဲ့လျှင်သော်လည်းကောင်း၊ အပြည့်ပြန်လည် မပေးဆောင်ဘဲ တစ်စိတ်တစ်ပိုင်းသာ ပေးဆောင်ခဲ့လျှင်သော်လည်းကောင်း အသုံးပြုထားတဲ့ငွေကြေးအပေါ်မှာ အတိုးနှုန်းနဲ့ ဒဏ်ကြေးငွေအချို့ ပေးဆောင်ရမှာဖြစ်ပါတယ်။ Credit card တွေမှာ အားသာချက်ရှိတာကတော့ သူများပိုက်ဆံကို အရင်သုံးထားလို့ရတာရယ်၊ ငွေကြေးဆုံးရှုံးမှုဖြစ်ရင် မိမိရထားတဲ့ သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ ငွေကြေးအဖွဲ့အစည်းရဲ့ အိပ်ကပ်ထဲက ပိုက်ဆံဖြစ်နေတာရယ်ပါ။ နောက်ပြီး ငွေကြေးဆုံးရှုံးမှုဖြစ်တဲ့အခါ မိမိ credit limit ရထားသလောက်သာ ဆုံးရှုံးနိုင်ပါတယ်။ အခြားသူတစ်ယောက်က ခိုးယူသုံးစွဲတာမျိုး ခံရတဲ့အခါ မိမိမသုံးမပြုကြောင်း အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်ဖို့သာ လိုအပ်မှာဖြစ်ပြီး သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့အဖွဲ့အစည်းကလည်း သူတို့အိပ်ကပ်ထဲက ငွေကြေးဆုံးရှုံးမှာဖြစ်တာကြောင့် ငွေကြေးပြန်လည်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားမှာဖြစ်လို့ ကဒ်ကိုင်ဆောင်သူအနေနဲ့ များစွာစိုးရိပ်ဖို့ မလိုတတ်ပါ။