MMQR အပါအဝင် အခြားသော Payment နည်းလမ်းတွေအကြောင်း

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှု နည်းလမ်းတွေ အမျိုးမျိုး ပေါ်ထွက်လာပြီး မြန်မာနိုင်ငံမှာလည်း ကဒ်တွေအပြင် အခြားရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိလာပါတယ်။ အသုံးအများဆုံးကတော့ Internet /Mobile Banking တွေနဲ့ Digital Wallet တွေ pay app တွေနဲ့ သုံးမှန်းမသိ သုံးမိနေကြတဲ့ DCB payments တွေဖြစ်ပါတယ်။

MMQR And Other Payments

၁။ Direct Carrier Billing ဆိုတာ

Direct Carrier Billing (DCB) ဆိုတာကတော မိုဘိုင်းဖုန်းသုံးသူတွေအတွက် ငွေပေးချေနည်းတစ်ခုဖြစ်ပြီး၊ ဝယ်ယူတဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုရဲ့ ကျသင့်ငွေကို ဖုန်းဘေလ်ကနေတစ်ဆင့် ငွေပေးချေတာဖြစ်ပါတယ်။ ဒီစနစ်ဟာ မြန်မာပြည်မှာ လူတွေသိပ်သတိမထားမိဘဲ အသုံးပြုမိနေကြတဲ့ ငွေပေးချေမှုပုံစံ ဖြစ်ပါတယ်။ ဥပမာ – Atom ဖြစ်စေ၊ Ooredoo ဖြစ်စေ ဖုန်းဘေလ်နဲ့ ဝန်‌ဆောင်မှုကို လူတိုင်းဝယ်ဖူးမှာပါ။ ဖုန်း Subscription Plan တစ်ခုခုကိုဖြစ်စေ၊ Digital Good တစ်ခုခုကိုဖြစ်စေ ဝယ်ယူတဲ့အခါ ဖုန်းဘေလ်ထဲက အလိုအလျှောက် ငွေဖြတ်သွားတာဟာ DCB နည်းနဲ့ ငွေပေးချေလိုက်လို့ ဖြစ်ပါတယ်။ Play Store မှာ app တွေ ဝယ်တဲ့အခါ ဖုန်းဘေလ်နဲ့ ငွေချေတာဟာလည်း DCB ဖြစ်ပါတယ်။

၂။ Internet Banking ၊ Mobile Banking ဆိုတာ

Internet banking၊ mobile Banking ဆိုတာကတော့ မြန်မာပြည်မှာ ဘဏ်တွေကနေ ပေးထားတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ KBZ iBanking ၊ KBZ mBanking ၊ AYA iBanking AYA mBanking တို့လို service တွေဖြစ်ပါတယ်။ Internet Banking ဆိုတာ ဘဏ်ရဲ့ ဝက်ဘ်ဆိုက်ကနေ အကောင့်ထဲ ဝင်ပြီး ငွေလွှဲတာ၊ ဖုန်းငွေဖြည့်တာ၊ လျှပ်စစ်မီတာ၊ အင်တာနက်လစဉ်ကြေးနဲ့ အခြားတော့ bill တွေ ပေးဆောင်တာမျိုးတွေ လုပ်လို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Digital good တွေ လည်းဝယ်ယူလို့ရပါတယ်။ ပြီးတော့ အကောင့်လက်ကျန်ငွေ စစ်တာ၊ သုံးစွဲမှုစာရင်း ထုတ်ကြည့်တာတွေလည်း လုပ်ပေးနိုင်ပါတယ်။

Mobile Banking ကလည်း အလားတူပဲ ဘဏ်တွေက ထုတ်ပေးထားတဲ့ mobile app တွေကနေ internet banking မှာလိုပဲ ဘဏ်ဝန်ဆောင်မှုတွေကို သုံးစွဲတာပါ။ ဒီစနစ်တွေမှာ ဘဏ်အကောင့်ကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ဘဏ်ရဲ့ Core Banking System နဲ့ အလုပ်လုပ်တာမို့ ငွေလွှဲတာ၊ ဘေလ်ပေးတာ၊ အကောင့်စီမံတာတွေ အပြည့်အဝ လုပ်လို့ရပါတယ်။ ဒီစနစ်မှာ အဓိက အားနည်းချက်ကတော့ မြန်မာပြည်မှာ ဘဏ်အကောင့်ရှိသူ နည်းသေးတာမို့ ဒီဝန်ဆောင်မှုတွေက မြို့ကြီးတွေမှာ ပိုအသုံးပြုကြပြီး လူတိုင်းလက်ထဲကိုရောက်နိုင်၊ သုံးနိုင်တဲ့ အနေအထားရောက်ဖို့ တော်တော်လိုပါသေးတယ်။

၃။ Digital Wallet ၊ Pay App ဆိုတာ

Digital Wallets လို Mobile Payments တွေကတော့ မြန်မာပြည်မှာ လူသုံးအများဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ မိုဘိုင်း App တစ်ခုထဲမှာ သုံးစွဲသူရဲ့ ဘဏ်အကောင့် ဒါမှမဟုတ် ကြိုတင်ငွေဖြည့်ထားတဲ့ အကောင့်ကို ချိတ်ဆက်ပြီး ငွေသိမ်းတာ၊ ပေးချေတာ၊ လက်ခံတာ၊ လွှဲပေးတာတွေ လုပ်နိုင်တဲ့ စနစ်ပါ။ မြန်မာပြည်မှာ Wave Money ၊ KBZPay ၊ AYA Pay ၊ UABPay ၊ OK$ ၊ A+၊ MoMoney တို့လို ဝန်ဆောင်မှုတွေက digital wallet နဲ့ mobile payment နည်းလမ်းတွေဖြစ်ပါတယ်။

ဒီနည်းစနစ်မှာ အဓိကအားဖြင့် QR Code ကို scan ဖတ်ပြီး ငွေပေးချေကြပါတယ်။ ချက်ချင်း (Real-time) ငွေလွှဲနိုင်ပြီး ဆိုင်တွေမှာ ငွေပေးချေတာအပြင် mobile banking ၊ internet banking တွေမှာလိုပဲ bill ပေးဆောင်တာတွေ၊ သုံးစွဲသူ အချင်းချင်း (Peer to Peer) ငွေလွှဲတာ၊ လက်ခံတာတွေလည်း ရပါတယ်။ Digital good တွေ လည်းဝယ်ယူလို့ရပါတယ်။ အဲ့ဒါကြောင့်မို့ ဆိုင်တွေမှာ စျေးဝယ်တာအပြင်၊ မိသားစုတွေ သူငယ်ချင်းတွေကို ငွေပို့တာ၊ ဖုန်းဘေလ် ဖြည့်တာတွေမှာ လူတိုင်းအတွက် အဆင်ပြေစေပါတယ်။ Internet banking တွေ၊ mobile banking တွေထက် အားသာချက်တစ်ခုကတော့ ဘဏ်အကောင့်မရှိသူတွေလည်း အလွယ်တကူ အကောင့်ဖွင့်နိုင်အောင်၊ သုံးလို့ရအောင် ဒီဇိုင်းထုတ်ထားတာမို့ မြို့ကြီးတွေသာမက ကျေးလက်အထိ လူတန်းစားတိုင်း လက်ထဲမှာပျံ့နှံ့ သုံးစွဲကြပါတယ်။

မြန်မာပြည်က Digital wallet တွေမှာ အားနည်းချက်တစ်ချက်တော့ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် မြန်မာပြည်မှာ wallet payment app တွေ အများကြီး ရှိလာပေမယ့် အချင်းချင်း အတူတူတကွ ချိတ်ဆက်ပြီး အလုပ်မလုပ်နိုင်တာပါ။ ဆိုလိုတာက KBZPay အကောင့်ထဲမှာ ငွေထည့်ထားရင် KBZPay အကောင့်ပိုင်ရှင် သို့မဟုတ် KBZPay merchant ဆီကိုပဲ ငွေပေးလို့ရပါတယ်။ KBZPay ကနေ AYA Pay ကိုင်ဆောင်သူကို ငွေပေးချေလို့မရပါ။ အဲ့ဒီအားနည်းချက်ကြောင့် လူတိုင်းရဲ့လက်ထဲမှာ၊ ဖုန်းတွေထဲမှာ wallet app တွေ အကုန်ထည့်ထားရမလို ဖြစ်သွားပါတယ်။ အဲ့ဒီလို ထည့်ထားရုံနဲ့ မပြေလည်ဘဲ ကိုယ်အသုံးပြုမယ့် wallet app ထဲကို ငွေတွေလိုက်ထည့်နေရပါသေးတယ်။ ဒီပြဿနာတွေအတွက် MMQR ပေါ်လာတာမို့ ဖြေရှင်းဖို့လမ်းစပေါ်လာပြီလို့ ပြောလို့ရပါတယ်။

၄။ MMQR ဆိုတာ

MMQR ကို မကြာသေးခင်က launch လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard တစ်ခု ဖြစ်ပါတယ်။ MMQR (Myanmar QR) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှုနဲ့ စတင်ခဲ့ပြီး အခု ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်အသုံးပြုလို့ရပါပြီ။ ဒီနေရာမှာ MMQR နဲ့ ပတ်သတ်ပြီး လူအများနားလည်မှု လွဲနေတာလေးရှိပါတယ်။ MMQR ပေါ်လာတာကြောင့် ငွေကြေးဖောင်းပွလာမယ်၊ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ စျေးကွက်ထဲကို ငွေကြေးတွေ အမြောက်အမြားဝင်လာမယ်လို့ စိုးရိမ်ကြပါတယ်။

အမှန်တော့ MMQR နဲ့ လည်ပတ်မယ့် ငွေကြေးအားလုံးဟာ လက်ရှိ mobile wallet ၊ mobile pay ထဲက ငွေတွေပဲ လည်ပတ်မှာပါ။ MMQR သည် wallet / pay app တစ်ခုမဟုတ်သလို သူ့ဆီမှာ ငွေကြေးသိမ်းဆည်းတာ၊ ထုတ်ဝေတာ ပြုလုပ်လို့ မရပါဘူ။ အတိအကျပြောရရင် MMQR သည် လက်ရှိကျွန်တော်တို့ အသုံးပြုနေတဲ့ MPU လိုပဲ digital payment switch တစ်ခုသာ ဖြစ်ပါတယ်။ MPU (Myanmar Payment Union) ဟာ မြန်မာနိုင်ငံဘဏ်တွေတစ်ခုနဲ့ တစ်ခုကြား ထုတ်ဝေထားတဲ့ ကဒ်တစ်ခုနှင့်တစ်ခုကြား ချိတ်ဆက်ပြီး ငွေချေလို့ရအောင်၊ အသုံးပြုနိုင်အောင် routing နဲ့ switching လုပ်ပေးတဲ့ ကြားခံ card network တစ်ခု ဖြစ်ပါတယ်။ MMQR သည်လည်း အလားတူပဲ မြန်မာပြည်မှာ အသုံးပြုကြတဲ့ ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ထုတ်ထားတဲ့ Wave Money ၊ KBZPay ၊ AYA Pay တို့လို pay app တွေ wallet တွေကြား Interoperability လို့ခေါ်တဲ့ အချင်းချင်း ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်အောင် standardize solution တစ်ခုကို ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ MMQR မှာ ငွေကြေးထုတ်ဝေခြင်း၊ ငွေကြေးသိမ်းဆည်းခြင်း ဒီလိုလုပ်ဆောင်ချက်တွေ လောလောဆယ်မရှိသလို၊ အနာဂတ်မှာလည်း ရှိလာနိုင်မှာမဟုတ်ပါ။ MMQR လို လုပ်ဆောင်ချက်တူတဲ့ solution တွေကို လေ့လာကြည့်လို့ရပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေမှာဆို ထိုင်းမှာဆို Thai QR ၊ စင်ကာပူမှာဆို SGQR ၊ မလေးရှားမှာဆို DuitNow QR လိုမျိုး solution  တွေက interoperability ဖြစ်ဖို့၊ မတူညီတဲ့ app တစ်ခုခုနဲ့တစ်ခု system တစ်ခုနဲ့ တစ်ခုကြား ငွေပေး၊ ငွေယူ လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ solution တွေဖြစ်ပါတယ်။

MMQR ပေါ်လာတဲ့အတွက် မြင်သာမှုအရှိဆုံး အကျိုးကျေးဇူးကတော့ mobile wallet ၊ mobile payment တွေကြားမှာ တရားမျှတတဲ့ ယှဉ်ပြိုင်မှု fair competition ဖြစ်လာမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ လူတိုင်းငြင်းလို့မရတာက KBZPay နဲ့ WavePay က လူသုံးအတွင်ကျယ်ဆုံး ဖြစ်ပါတယ်။ တစ်နေရာရာမှာ စျေးဝယ်မယ်ဆို စျေးဆိုင်တွေမှာ အများစုလက်ခံတာက KBZPay ဖြစ်ပါတယ်။ MMQR ကြောင့် နောက်ပိုင်းမှာ ကိုယ့်ဖုန်းထဲမှာ မိမိအဆင်ပြေရာ mobile pay app ထည့်ထားလို့ရလာမှာ ဖြစ်ပါတယ်။ လက်ခံသူဘက်က KBZPay merchant ဖြစ်စေ၊ AYA Pay merchant ဖြစ်စေ၊ CB Pay merchant ဖြစ်စေ အရေးမကြီးတော့သလို ကိုယ့်ဖုန်းထဲမှာလည်း wallet pay app တစ်ခုရှိထားတာနဲ့ မည်သည့် merchant ကိုမဆို လွယ်ကူစွာငွေချေလို့ရသွားမှာဖြစ်ပါတယ်။

MMQR စနစ်ရှိလာတာကြောင့် နောက်ပိုင်းမှာ မတူညီတဲ့ wallet pay app user အချင်းချင်းကြားမှာလည်း peer-to-peer ငွေလွှဲလို့ရလာပါလိမ့်မယ်။ ပြီးတော့ ဒေသတွင်း မတူညီတဲ့ နိုင်ငံတကာ ငွေပေးချေမှုစနစ်တွေနဲ့လည်း ချိတ်ဆက်ပြီး financial transactions တွေ ပြုလုပ်လာနိုင်ဖို့လည်း မျှော်လင့်ထားလို့ရပါတယ်။ လောလောဆယ်တော့ MMQR စနစ်စတင်ကာစဖြစ်တာမို့ စနစ်တည်ငြိမ်ပြီး mature ဖြစ်လာဖို့ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လူထုကြားမှာ စိုးရိမ်နေသလို MMQR ကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာမှာကိုတော့ စိုးရိမ်စရာ မရှိပါ။ MMQR ဟာ Digital Payment Switch သက်သက်ပဲ ဖြစ်တာမို့ပါ။

ဒီလောက်ဆိုရင်တော့ MMQR အပါအဝင် digital wallet တွေ၊ mobile banking/internet banking တွေ၊ DCB payments တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ အားသာချက်၊ အားနည်းချက်၊ ရေရှည်မှာ ဖြစ်ပေါ်လာနိုင်မယ့် အလားအလားတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားမယ်လို့ ယုံကြည်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top