ဒီနေ့ခေတ်မှာ digital wallet တွေ၊ internet/mobile banking app တွေနဲ့ ငွေပေးချေမှုကတ်တွေ အစရှိသဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်း အမျိုးမျိုးပေါ်လာတာမို့ ကိုယ်နဲ့ ဘယ်ငွေပေးချေမှုနည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားစရာ၊ ရွေးချယ်စရာ ဖြစ်လာပါတယ်။ အကောင်းဆုံးအဖြေကတော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ငွေကြေးသုံးစွဲပုံနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

၁) လူတိုင်းအတွက် Digital Wallet App
ပထမဆုံးအနေနဲ့ ကိုယ်က ဒီဂျစ်တယ်ငွေပေးချေမှုကို စတင်အသုံးပြုမယ့်သူဖြစ်စေ၊ ဘဏ်နဲ့ အနည်းငယ်ဝေးတဲ့ နေရာဒေသမှာ နေထိုင်တဲ့သူဖြစ်စေ ဆိုရင်တော့ digital wallet တစ်မျိုးမျိုးကို စတင် အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ – KBZ Pay လို၊ WavePay လို၊ AYA Pay လို wallet တစ်မျိုးမျိုးကို စတင်အသုံးပြုကြည့်ပါ။ Digital wallet အများစုမှာ P2P လို့ခေါ်တဲ့ အချင်းချင်း ငွေလွှဲလို့ရတာ၊ ငွေလွှဲလက်ခံတာ၊ အေးဂျင့်ကနေတစ်ဆင့် ငွေထုတ်တာတွေလုပ်လို့ရတာမို့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အချင်းချင်း ငွေလွှဲဖို့ရာ အဆင်ပြေလွယ်ကူစေပါတယ်။ ဒါ့အပြင် ATM ကနေ ငွေထုတ်လို့ရနိုင်ပါတယ်။ ပြီးတော့ အင်တာနက်မှာ စျေးဝယ်တဲ့အခါ ငွေပေးချေတာ၊ ဖုန်းဘေလ်ဖြည့်တာ၊ မီတာဆောင်တာ၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေအတွက် လစဉ်ကြေးပေးသွင်းတာ၊ အာမခံပရီမီယံကြေး ပေးသွင်းတာ အစရှိသဖြင့် ငွေပေးချေမှု အများစုအတွက် အလွယ်တကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Digital wallet တွေ အသုံးပြုတဲ့အခါ လူအများစုအတွက် အဆင်ပြေစေတာ တစ်ခုက ဘဏ်ငွေစာရင်းအကောင့် မရှိလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက စပြီး မြန်မာပြည်မှာ MMQR ဆိုတဲ့ QR Standard ကလည်း စပြီး အသက်ဝင်လာပြီမို့ wallet တစ်မျိုး ကိုယ့်ဆီမှာရှိထားရင် wallet နဲ့ ငွေပေးချေမှု လက်ခံနိုင်တဲ့ စျေးဆိုင်တိုင်းမှာ ငွေပေးချေလို့ရလာပါပြီ။ အရင်လို ထွက်သမျှ wallet တွေ အကုန်လုံး ဖုန်းထဲ ထည့်ထားစရာ မလိုတော့ပါဘူး။ ကိုယ်အဆင်အပြေဆုံးဖြစ်မယ့် wallet တစ်ခု၊ နှစ်ခုလောက် ဖုန်းထဲ ထည့်ထားရင် နေရာတော်တော်များများမှာ ငွေပေးချေလို့ရမှာ ဖြစ်ပါတယ်။
၂) ဘဏ်စာရင်းရှိသူတိုင်းအတွက် Debit Card
အကယ်၍ ကိုယ်က ဘဏ်ငွေစာရင်းအကောင့်ရှိတာဖြစ်စေ၊ မြို့ကြီးတွေမှာ နေထိုင်တာဖြစ်စေ ဆိုရင်တော့ debit card ကို လျှောက်ထား အသုံးပြုသင့်ပါတယ်။ ဒီနေ့ခေတ်မှာ မြို့ပေါ်က စျေးဆိုင်ကြီးတော်တော်များများနဲ့ စားသောက်ဆိုင်ကြီးများမှာ ကတ်နဲ့ ငွေပေးချေတာကို လက်ခံကြတာမို့ debit card ရှိထားရင် အရင်လို ငွေသားတစ်ထပ်ကြီး သယ်မနေရတာ့ဘဲ နေရာတော်တော်များများမှာ အလွယ်တကူ ငွေပေးချေနိုင်စေမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရမှာကိုလည်း စိတ်ပူစရာမလိုတော့ပါ။ အကယ်၍ ကတ်ပျောက်သွားခဲ့ရင်တောင် ဘဏ်ကို ဖုန်းဆက်ပြီးဖြစ်စေ၊ mobile banking app ကနေ ဖြစ်စေ ကတ်ကို အခြားသူတွေ အသုံးပြုလို့ မရအောင် စီမံလို့ရပါတယ်။
ကတ်ကိုင်ဆောင်တဲ့အခါမှာလည်း ကိုယ်က ပြည်တွင်းမှာပဲ အသုံးပြုမှာဆို MPU debit card ကို အသုံးပြုနိုင်သလို၊ နိုင်ငံခြား ငွေပေးချေမှုတွေ ပြုလုပ်ချင်တာဆိုရင်တော့ JCB၊ UPI၊ Mastercard အစရှိသဖြင့် လျှောက်ထား အသုံးပြုနိုင်ပါတယ်။ နောက်ပြီး နိုင်ငံတစ်ကာ ecommerce ဝဘ်ဆိုဒ်တွေကနေ စျေးဝယ်ချင်တဲ့သူတွေအတွက်လည်း ငွေပေးချေဖို့ အသုံးပြုနိုင်တာမို့ အများကြီး အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။
၃) ဘဏ်ငွေစာရင်းကို ထိန်းချုပ်ဖို့အတွက် Banking App
နောက်ထပ်တစ်ခုကတော့ Internet/Mobile banking တွေကို လျှောက်ထားအသုံးပြုတာပါ။ ကိုယ်က ဘဏ်စာရင်းအကောင့် ရှိထားတဲ့သူဆိုရင် internet banking နဲ့ mobile banking ကို မဖြစ်မနေ လျှောက်ထား အသုံးပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲမှာ သက်ဆိုင်ရာဘဏ်ရဲ့ mobile banking app ရှိထားရုံနဲ့ မိမိဘဏ်ငွေစာရင်ထဲက ငွေအဝင်အထွက် အားလုံးကို ဘယ်အချိန်ဖြစ်ဖြစ် စစ်ဆေးကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နိုင်တာကြောင့် ငွေကြေးစီမံခန့်ခွဲဖို့အတွက် လွယ်ကူသွားစေပါတယ်။ နောက်ပြီး မိသားစုတွေ၊ မိတ်တွေတွေကိုလည်း အလွယ်တကူ ငွေလွှဲလို့၊ ငွေလွှဲလက်ခံလို့ ရနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ digital wallet တွေမှာလိုပဲ ဖုန်းငွေဖြည့်တာတွေ၊ လစဉ်ကြေးပေးဆောင်တာတွေကိုလည်း အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
၄) အသုံးစားရိတ် ထိန်းချုပ်ဖို့တွက် Prepaid Card
နောက်တစ်ခုကတော့ Prepaid card ပါ။ Prepaid card ကိုတော့ ဘယ်လိုလူတွေအတွက် သင့်တော်မလဲဆိုရင် debit card လို ဘဏ်ငွေစုစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်မသုံးချင်တဲ့သူတွေ၊ ငွေကြေးအသုံးစရိတ်ကို limit ကန့်သတ်ပြီး အသုံးပြုလိုသူတွေနဲ့ ဘဏ်ငွေစာရင်းအကောင့် မရှိသူတွေအတွက် သင့်တော်ပါတယ်။ Debit card မှာဆိုရင် ဘဏ်ငွေစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်သုံးစွဲတာဖြစ်လို့ အကယ်၍ ကတ်ပျောက်သွားတာမျိုးဖြစ်ခဲ့ရင်၊ အချိန်မီ ကတ်ကိုလည်း မပိတ်နိုင်ခဲ့ရင် ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ဆုံးရှုံးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ Prepaid card မှာတော့ ကြိုတင်ငွေဖြည့်ထားသလောက်ပဲ အသုံးပြုနိုင်တဲ့ ကတ်အမျိုးအစားဖြစ်တာမို့ ကတ်ပျောက်ဆုံးမှုကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ရင်တောင် ကတ်ထဲမှာ ငွေဖြည့်ထားသလောက်ပဲ ဆုံးရှုံးမှာဖြစ်ပါတယ်။
Prepaid card ရဲ့ နောက်ထပ် အသုံးဝင်ပုံတစ်ခုက ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ချင်တဲ့သူတွေအနေနဲ့ prepaid card ထဲကို လစဉ်ဘယ်လောက်သုံးမယ်ဆိုပြီး ကိုယ်အသုံးပြုမယ့် ပမာဏပဲ ထည့်ထားပြီး အသုံးပြုတဲ့အခါ debit card မှာလို ဘဏ်ငွေစာရင်းထဲမှာ ထည့်ထားသမျှ အသုံးမပြုဖြစ်တော့ဘဲ ငွေကို ပိုပြီး ချွေတာသုံးစွဲနိုင်ဖို့ အထောက်အကူ ဖြစ်စေတာပါ။
၅) စျေးဝယ်ရတာ၊ ခရီးသွားရတာ ကြိုက်သူတွေအတွက် Credit Card
နောက်ဆုံးတစ်ခုကတော့ credit card ပါ။ Credit card ကတော့ မကြာခဏ ခရီးထွက်လေ့ရှိသူတွေ၊ အွန်လိုင်းမှာ စျေးဝယ်ရတာကို ကြိုက်နှစ်သက်သူတွေ၊ Reward Point တွေ၊ Cashback တွေ၊ ကတ်အတွက် အထူးခံစားခွင့်တွေ လိုချင်တဲ့သူတွေ၊ Credit History တည်ဆောက်လိုသူတွေအတွက် ဖြစ်ပါတယ်။ ပြည်တွင်းသီးသန့် အသုံးပြုတဲ့ MPU ကတ်ဖြစ်စေ၊ နိုင်ငံတကာ အသုံးပြုလို့ရတဲ့ Visa၊ Mastercard၊ UPI၊ JCB အစရှိသဖြင့် ကိုယ်နှစ်သက်ရာကို ကိုင်ဆောင်နိုင်ပါတယ်။
Credit Card တွေမှာ အားသာချက်အနေနဲ့ ဘဏ်ကပေးထားတဲ့ အကြွေးဝယ်ခွင့်သတ်မှတ်ချက် (Credit Limit) ပေါ်မူတည်ပြီး အသုံးပြုရတဲ့ ကတ်ဖြစ်လို့ ကတ်မတော်တဆပျောက်ဆုံးလို့ဖြစ်စေ၊ လိမ်လည်မှု (Fraud) တစ်ခုခုဖြစ်စေ ကြုံရတဲ့အခါမျိုးမှာ ကိုယ့်အိတ်ကပ်ထဲက ငွေကို တိုက်ရိုက်ဆုံးရှုံးတာ မဟုတ်လို့ အခြားသော ကတ်အမျိုးအစားတွေထက် စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်ပိုက်ဆံမဟုတ်လို့ ဖြစ်ချင်တာဖြစ်ပါစေဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အငြင်းပွားမှုတွေ၊ Fraud တွေ ဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ဘက်က မှန်နေရင် လုံးဝ ဆုံးရှုံးစရာမရှိပါ။ ယာယီအားဖြင့် ကိုယ့်အိတ်ထဲက ငွေကို စိုက်ထားပြီး လိမ်လည်ခံရတဲ့ ငွေကို ပြန်ရဖို့ စောင့်ရတာထက်၊ ဘဏ်ကငွေနဲ့ စောင့်ရတာက ပိုပြီး စိတ်သက်သာမယ်မလား။
နောက်ထပ် အားသာချက်တစ်ခုက credit card ဆိုတဲ့အတိုင်း အသုံးပြုသမျှဟာ ဘဏ်ကငွေနဲ့ ဝယ်တာဖြစ်ပြီး ကိုယ်က လကုန်လို့ စာရင်းရှင်းတမ်းရတော့မှ ငွေပြန်သွင်းရမှာဖြစ်ပါတယ်။ ကိုယ်သုံးထားသမျှကို အချိန်မှန် အပြည့်အဝ ငွေပြန်သွင်းနေသ၍ နှစ်စဉ်ကြေးတစ်ခုကလွဲပြီး ဘဏ်ကို ဘာအဖိုးအခမှ ပေးစရာမလိုဘဲ အမြဲတမ်း အသုံးပြုနိုင်စေမှာမို့ တစ်ခုခုအသုံးပြုစရာရှိရင် လကုန်လစာထုတ်ရက်မှ ဝယ်မယ်ဆိုပြီး စောင့်နေစရာ မလိုတော့ပဲ ဝယ်ယူဖို့ အဆင်ပြေစေပါတယ်။ သတိပြုရမှာက credit card ကို အသုံးပြုတဲ့အခါမှာ အချိန်မှန် ကိုယ်အသုံးပြုထားသမျှကို အပြည့်အဝ ငွေပြန်သွင်းဖို့နဲ့ ကိုယ်ပြန်ဆပ်နိုင်တဲ့ ပမာဏကိုပဲ ချင့်ချိန်သုံးစွဲမယ်ဆိုရင် ရပါပြီ။
ဒီလောက်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့် ငွေပေးချေမှုနည်းစနစ်ကို ရွေးချယ်ဖို့ လွယ်ကူသွားလောက်ပါပြီ။ နောက်ဆုံးအနေနဲ့ အရေးကြီးတာတစ်ခုက ကိုယ်က ဘယ်နည်းလမ်းကို ရွေးချယ်အသုံးပြုဖြစ်ဖြစ် လုံခြုံရေးကို ဦးစားပေးရမှာပါ။ ဒီဂျစ်တယ်ငွေပေးချေမှုနည်းစနစ်တွေ၊ app တွေကို အသုံးပြုရာမှာ PIN၊ Password တွေ သေချာသတ်မှတ်ထားဖို့၊ Face login တွေ၊ Fingerprint login တွေ သတ်မှတ်ထားဖို့နဲ့၊ PIN Number တွေ၊ Password တွေ၊ ကတ်နံပါတ်တွေ၊ CVV တွေကို လုံခြုံအောင်ထားဖို့၊ Two-Factor Authentication သုံးဖို့၊ Transaction History တွေကို ပုံမှန်စစ်ဆေးဖို့ စတာတွေက အခြေခံလုပ်ဆောင်ရမယ့် လုံခြုံရေးလိုအပ်ချက်တွေ ဖြစ်တာမို့ မမေ့မလျော့ဘဲ သေချာဂရုတစိုက် လုံခြုံအောင်လုပ်ဆောင်ဖို လိုအပ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။