ကဒ်နဲ့ ငွေပေးချေတာဟာ နေရာတော်တော်များများမှာ အလွယ်တကူ အသုံးပြုနိုင်လာပြီး ငွေပေးချေမှုကို လွယ်ကူစေပါတယ်။ ဒါပေမယ့် တခါတလေမှာ ပြဿနာတွေတည်း ဖြစ်ပေါ်လာတတ်ပါတယ်။ အွန်လိုင်းမှာ စျေးဝယ်ထားတာ အိမ်ကို ပစ္စည်းမရောက်လာတာ၊ စတိုးဆိုင်မှာ စျေးဝယ်တာ အမှန်တကယ် ကျသင့်ငွေထက် ကိုယ့်ရဲ့ကဒ်ထဲက ငွေပိုဖြတ်သွားတာ၊ ATM မှာ ငွေထုတ်တာ စက်ထဲက ငွေမထွက်လာဘဲ အကောင့်ထဲက ငွေဖြတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခါမှာ “အငြင်းပွားခြင်း” (Dispute) နဲ့ “ငွေပြန်တောင်းခြင်း” (Chargeback) ဆိုတဲ့ လုပ်ငန်းစဉ်တွေက ကဒ်အသုံးပြုသူတွေကို ကာကွယ်ပေးပါတယ်။

Dispute ဆိုတာ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ အကောင့်ထဲက ငွေပေးချေမှုတစ်ခုကို သူတို့မသိပါ၊ အသုံးမပြုထားပါ၊ သို့မဟုတ် ကဒ်ထဲကနေ မှားယွင်းတဲ့ ငွေပမာဏ ဖြတ်သွားပါတယ်၊ သို့မဟုတ် ငွေပေးချေပြီးသော်လည်း ရယူလိုတဲ့ ဝန်ဆောင်မှုကို မရရှိခဲ့ပါ အစရှိသဖြင့် ဘဏ်ကို အကြောင်းကြားပြီး စစ်ဆေးပေးဖို့ တောင်းဆိုတာပါ။
Chargeback ဆိုတာကတော့ အငြင်းပွားမှု dispute ကို စစ်ဆေးပြီးတဲ့အခါမှာ သက်ဆိုင်ရာဘဏ်က ဆိုင်ရှင် ဒါမှမဟုတ် ဝန်ဆောင်မှုပေးသူဆီက ငွေကို ပြန်လည်ရယူပြီး ကဒ်ကိုင်ဆောင်သူရဲ့ အကောင့်ထဲကို ပြန်ထည့်ပေးတဲ့ လုပ်ငန်းစဉ်ပါ။
အင်တာနက်ကနေ စျေးဝယ်ရာမှာဖြစ်စေ၊ ဆိုင်မှာလူကိုယ်တိုင် ကဒ်နဲ့ ငွေချေတာဖြစ်စေ၊ ATM မှာ ငွေထုတ်တာဖြစ်စေ အစရှိသဖြင့် လုပ်ဆောင်ရာမှာ အမှားအယွင်းရှိလာခဲ့ရင် dispute နဲ့ chargeback လုပ်ငန်းစဉ်တွေအတွက် သက်ဆိုင်ရာဘဏ်ကို ဆက်သွယ်လုပ်ဆောင်လို့ရပါတယ်။
အငြင်းပွားမှု dispute တွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတော့ အွန်လိုင်း e-commerce ဝဘ်ဆိုင် သို့မဟုတ် app ကနေ စျေးဝယ်တဲ့အခါမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းက ငွေချေထားပေမယ့် ပို့မပေးတာ၊ ပို့ပေးသော်လည်း ပစ္စည်းက ဝဘ်ဆိုဒ်မှာ ဖော်ပြထားချက်အတိုင်း မဟုတ်ဘဲ မတူညီတဲ့ ပစ္စည်းဖြစ်နေတာ၊ ကိုယ့်ဆီ ရောက်လာတဲ့အခါမှာ ပျက်စီးနေတာ၊ ဒါမှမဟုတ် ကိုယ်မသိလိုက်ဘဲ ကိုယ့်ရဲ့ ကဒ်ထဲကနေ ငွေဖြတ်ခံထားရတာမျိုး အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
စတိုးဆိုင်၊ စားသောက်ဆိုင်၊ စူပါမားကတ်တွေမှာ စျေးဝယ်တဲ့အခါမှာဆိုရင်လည်း မမှန်ကန်တဲ့ ငွေပမာဏ ကောက်ခံရတာ၊ ကိုယ်က တစ်ကြိမ်ပဲ ငွေချေပေမယ့် ကဒ်ထဲကနေ တစ်ကြိမ်ထက်ပိုပြီး ငွေဖြတ်သွားတာမျိုး၊ ငွေပေးချေပြီးသော်လည်း ဝန်ဆောင်မှု မရရှိခဲ့တာမျိုး အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
ATM စက်မှာဆိုရင်လည်း ငွေထုတ်ရာမှာ ငွေမထွက်လာဘဲ အကောင့်ကနေ ငွေဖြတ်ခံရတာ၊ ကိုယ်ထုတ်လိုက်တဲ့ ငွေပမာဏအတိုင်း မထွက်လာဘဲ လျော့နည်းနေတာ၊ ATM စက်ထဲက ကဒ်ပြန်ထွက်မလာတာမျိုး အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
အဲ့ဒီလိုမျိုးဖြစ်လာခဲ့ရင် မိမိကဒ်ထဲ၊ အကောင့်ထဲကို ငွေပြန်ရဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဒီဟာက အွန်လိုင်း ecommerce မှာဖြစ်စေ၊ ဆိုင်မှာလူကိုယ်တိုင် စျေးဝယ်တာမှာဖြစ်စေ၊ ATM စက်မှာဖြစ်စေ လုပ်ဆောင်ရမယ့် အခြေခံသဘောတရားက အတူတူပါပဲ။
အပေါ်မှာ ပြောခဲ့သလို အငြင်းပွားမှု dispute များ ဖြစ်ပေါ်လာခဲ့ရင် ကဒ်သုံးစွဲသူတွေအနေနဲ့ ကဒ်ထုတ်ပေးတဲ့ ဘဏ် (Issuer) ဆီကို အကြောင်းကြားပြီး case ဖွင့်ရပါမယ်။ ဒီနေရာမှာ တစ်ခုရှိတာက အွန်လိုင်းမှာ စျေးဝယ်တာမျိုးမှာ ကဒ်အသုံးပြုသူတွေအနေနဲ့ issuer ဆီ အကြောင်းမကြားခင်မှာ ကိုယ်ဝယ်ယူထားတဲ့ ရောင်းချသူထံ အရင်ဆက်သွယ်ပြီးမှ အကျိုးအကြောင်း မေးသင့်ပါတယ်၊ ဖြေရှင်းချက်တောင်းရပါမယ်။ အဲ့ဒီလို ဆက်သွယ်ကြည့်လို့ အဆင်မပြေမှသာ issuer ဆီကို တိုင်ကြားသင့်တာပါ။ ရောင်းချသူဆီ အရင်ဆုံး ဆက်သွယ်ခြင်းအားဖြင့် issuer ဆီ case ဖွင့်ပြီး ရှင်းတာထက် အကျိုးအကြောင်းနဲ့ ဖြေရှင်းချက်ကို ပိုပြီး မြန်မြန်ရနိုင်ချေများပါတယ်။
အငြင်းပွားမှုတစ်ခုဖြစ်လာရင် dispute ကို တိုင်ကြားဖို့အတွက် ယေဘုယျအားဖြင့် လိုအပ်မှာတွေကတော့ Transaction ID ၊ Date ၊ Amount အစရှိသဖြင့် ငွေပေးချေမှု အသေးစိတ် အချက်အလက်တွေ၊ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်း (ဥပမာ – ပစ္စည်းမရောက်တာ၊ ATM မှာ ငွေမထွက်လာတာ)၊ နောက်ပြီး သက်သေအနေနဲ့ ငွေပေးချေမှု ဖြတ်ပိုင်း (Pay slip)၊ နောက် ဆိုင်မှာငွေပေးချေတာနဲ့ ATM မှာ ဖြစ်တဲ့ case တွေမှာဆိုရင် ဆိုင်နာမည်နဲ့ ဖြစ်ပွားရာနေရာ၊ Ecommerce အတွက်ဆိုရင် ecommerce ဝဘ်ဆိုဒ် သိုမဟုတ် app ရဲ့ အမည် အစရှိတာတွေကို တင်ပြပေးဖို့ လိုအပ်ပါမယ်။
အငြင်းပွားမှု dispute ကို တင်သွင်းလိုက်တာနဲ့ ဘဏ်က လက်ခံပြီး Transaction နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အွန်လိုင်း ecommerce အတွက်ဆိုရင် ဆိုင်ဘက်ကနေ ပစ္စည်းပို့ဆောင်မှု မှတ်တမ်းတွေကို တောင်းယူပြီး စစ်ပါတယ်။ ပြင်ပက ဆိုင်တွေအတက်ဆိုရင်လည်း POS စက်က အချက်အလက်တွေနဲ့ ဆိုင်ရှင်ရဲ့ မှတ်တမ်းအချက်အလက်တွေ စစ်ပါတယ်။ ATM မှာဆိုရင်လည်း ATM စက်ရဲ့ Log File တွေ၊ အကောင့်မှတ်တမ်းတွေ အစရှိသဖြင့် စစ်ပါတယ်။ အထောက်အထားတောင်းယူ စစ်ဆေးတယ်ဆိုရာမှာ issuer အနေနဲ့ card network ကနေတစ်ဆင့် case ဖွင့်ပြီး acquirer ဆီကို တောင်းခံရတာပါ။ acquirer အနေနဲ့လည်း သက်ဆိုင်ရာ merchant တွေဆီကို လိုအပ်တဲ့ အထောက်အထားတောင်းယူပြီးမှ card network ကနေတစ်ဆင့် issuer ဆီကို compelling evidence လို့ခေါ်တဲ့ ခိုင်လုံတဲ့ အထောက်အထားပြပြီး ခုခံတာ သို့မဟုတ် case ကို လက်ခံပြီး ကဒ်အသုံးပြုသူကို ငွေပြန်ပေးဖို့ လက်ခံမယ်လို့ အကြောင်းပြန်ပေးမှာပါ။ အဲ့ဒါကြောင့်လည်း ပြဿနာတစ်စုံတစ်ခုရှိလာရင် issuer ဆီမှာ တစ်ခါတည်း တိုင်ကြားတာထက် ရောင်းချသူဆီ အရင်ဆုံးဆက်သွယ်သင့်တယ်လို့ ပြောတာဖြစ်ပါတယ်။ မလိုအပ်ဘဲ လုပ်ဆောင်ရမယ့် process တွေများပြီး အချိန်မကြာရအောင်ပါ။
အဲ့ဒီနောက်မှာတော့ ဘဏ်က ရထားတဲ့ အထောက်အထား အချက်အလက်တွေအရ ကဒ်သုံးစွဲသူမှန်ခဲ့ရင် chargeback ကို အတည်ပြုပြီး အကောင့်ထဲကို ငွေပြန်ထည့်ပေးမှာပါ။ ကဒ်သုံးစွဲသူဘက်က မှားယွင်းတာ သို့မဟုတ် ရောင်းချသူရဲ့ return and refund policy တွေအရ ရောင်းချသူဘက်က မှန်ကန်တယ်လို့ အဖြေထွက်လာရင်တော့ အငြင်းပွားမှု dispute ကို ပယ်ချပြီး ငွေကို ပြန်မပေးပါဘူး။ ဒါကတော့ dispute နဲ့ chargeback ရဲ့ လုပ်ဆောင်ပုံဖြစ်ပါတယ်။
ကဒ်ကိုင်ဆောင်သူအနေနဲ့ကတော့ တစ်ခုခုဖြစ်လာခဲ့ရင် dispute အနေနဲ့ case ဖွင့်ဖို့ chargeback လုပ်ပေဖို့ ငွေပြန်ပေးဖို့ တောင်းဆိုဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ဒီနေရာမှာ ကဒ်ကွန်ရက် (MPU ၊ Visa ၊ Mastercard) နဲ့ သက်ဆိုင်ရာ ဘဏ်တွေရဲ့ မူဝါဒပေါ် မူတည်ပြီး တောင်းဆိုရမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ dispute တွေ chargeback တွေ case ဖွင့်ပြီး ငွေပြန်တောင်းရတာ အလုပ်ရှုပ်ပါတယ်။ ငွေပြန်ရခဲ့ရင်တောင် ချက်ချင်းမရပါ။ Case ရဲ့ ရှုပ်ထွေးမှုနဲ့ issuer ဘဏ်ရဲ့ ပေါ်လစီပေါ်မူတည်း တစ်ပတ်ဖြစ်စေ၊ တစ်လဖြစ်စေ၊ အဲ့ဒီထက်ပိုပြီး ကြာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းဝယ်မယ်ဆိုရင် ယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်တွေ app တွေ မှာပဲ ဝယ်ပါ၊ ပို့ဆောင်မှု အထောက်အထား (delivery evidence) ကို သိမ်းထားပါ။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ POS မှာ ငွေရှင်းတဲ့အခါတွေမှာလည်း Pay slip ဖြတ်ပိုင်းကို သိမ်းထားပြီး ငွေပမာဏ မှန်၊ မမှန် ပုံမှန် စစ်ဆေးပေးပါ။ ATM ကနေ ငွေမထွက်ရင် အချိန်နဲ့ နေရာကို မှတ်ထားပြီး ဘဏ်ကို အမြန်ဆုံး အကြောင်းကြားပါ။ အကယ်၍ case တစ်ခုခုဖြစ်လာခဲ့ရင်လည်း dispute နဲ့ chargeback လုပ်လို့ရတာမို့ အားမနာပဲ case ဖွင့်ပြီး ဖြေရှင်းချက်ကိုရယူပါ။ ကဒ်သုံးစွဲသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တာမို့ တစ်ခုခုဖြစ်လာခဲ့ရင် တွေဝေမနေဘဲ ဖြေရှင်းချက်ကိုရဖို့ မဖြစ်မနေ တိုင်ကြားသင့်ပါတယ်။