Card Payment Transaction တစ်ခုရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံ

ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ATM မှာ ၊ Supermarket က POS စက်မှာ ၊ အွန်လိုင်း E-commerce ပလက်ဖောင်းတွေမှာ ကဒ်နဲ့ငွေချေတဲ့အခါ နောက်ကွယ်မှာ ဘယ်လို လုပ်ငန်းစဉ်တွေ လည်ပတ်နေလဲဆိုတာကို သိထားရင် ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကို ပိုနားလည်လာမှာပါ။

Card Payment-Transaction Flow

အဆင့် ၁။ ။ ကဒ်ကိုင်ဆောင်သူက ATM၊ POS စက် ဒါမှမဟုတ် E-commerce ပလက်ဖောင်းတွေမှာ ငွေပေးချေမှု စတင်ခြင်း ဖြစ်ပါတယ်။ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ ကဒ်ကို အသုံးပြုပြီး ငွေပေးချေဖို့ လုပ်တဲ့အခါ ဒီလုပ်ငန်းစဉ် စတင်ပါတယ်။ ATM မှာဆိုရင် ကဒ်ကို စက်ထဲ ထည့်ပြီး PIN ရိုက်ပြီး ငွေထုတ်တာ ဒါမှမဟုတ် ငွေလွှဲတာမျိုး‌ပေါ့။ POS စက်မှာဆိုရင် စတိုးဆိုင်က POS စက် မှာ ကဒ်ကိုထည့်ပြီး ငွေပေးတာ ၊ Contactless နည်းနဲ့ touch လုပ်ပြီး ငွေပေးချေတာမျိုး ဖြစ်ပါတယ်။ E-commerce မှာဆိုရင်လည်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် app ထဲမှာ ကဒ်နံပါတ်၊ ကဒ်သက်တမ်းနဲ့ CVV ကုဒ်တွေကို ရိုက်ထည့်ပြီး ငွေပေးချေတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ငွေပမာဏနဲ့ ကဒ်အချက်အလက်တွေကို စနစ်ထဲ စတင်ထည့်သွင်းပြီး ငွေပေးချေဖို့ စတင်လိုက်ပါတယ်။

အဆင့် ၂။ ။ငွေပေးချေမှု စတင်လိုက်တာနဲ့ ATM စက်၊ POS device သို့မဟုတ် ecommerce app ကနေပြီး နောက်တစ်ဆင့်အတွက် ကဒ်လက်ခံဘဏ်ဖြစ်တဲ့ (Acquirer) ရဲ့ Payment Switch ဆီကို ငွေပေးချေမှုနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို လုံခြုံစွာ ပေးပို့လိုက်ပါတယ်။

အဆင့် ၃။ အဲ့ဒီနောက်မှာတော့ ကဒ်လက်ခံဘဏ် (Acquirer) က ရထားတဲ့ အချက်အလက်ဒေတာတွေကို ကဒ်ကွန်ရက် (Card Network) ဆီကို ဆက်ပြီးပို့ပေး (Route) လိုက်ပါတယ်။ ဥပမာ MPU ၊ Visa ၊ Mastercard ၊ JCB ၊ UPI အစရှိတဲ့ သက်ဆိုင်ရာ ကဒ်ကွန်ရက်ဆီကို ပို့ပေးလိုက်တာပါ။

အဆင့် ၄။ ဒီအဆင့်မှာတော့ ကဒ်ကွန်ရက်တွေအနေနဲ့ လိုအပ်တဲ့ ဒေတာတွေကို စစ်ဆေးပြီး သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ဘဏ် (Issuer) ဆီကို ဒေတာတွေ ဆက်ပြီး ပို့ပေးလိုက်ပါတယ်။

အဆင့် ၅။ ။ ကဒ်ထုတ်ပေးထားတဲ့ဘဏ် သို့မဟုတ် အဖွဲ့အစည်း (Issuer) ဆီမှာတော့ ကဒ်နဲ့ပတ်သတ်တဲ့ ဒေတာတွေ အားလုံးရှိပါတယ်။ အဲ့ဒါကြောင့် ကဒ်လက်ခံသူ (Acquirer) ဆီကနေ ကဒ်ကွန်ရက် (Card Network) ကိုဖြတ်ပြီး Issuer ရဲ့ Payment Switch ဆီ ရောက်လာတဲ့ အချက်အလက်တွေကို မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း (Authentication) နဲ့ transaction လုပ်ဆောင်ရန် ခွင့်ပြုခြင်း (Authorization) လုပ်ငန်းစဉ်တွေ လုပ်ပေးပါတယ်။ ဒီအဆင့်မှာ အကောင့်ထဲ ငွေလုံလောက်မှုရှိရဲ့လား၊ ကဒ်က အစစ်အမှန်ဖြစ်ရဲ့လား၊ ခိုးယူသုံးစွဲခံနေရသလားနဲ့ Fraud အဖြစ် သံသယ ရှိမရှိကို စစ်ဆေးပါတယ်။ အဲ့ဒီနောက်မှာတော့ Issuer ဘဏ်ကနေ “Approved” ဒါမှမဟုတ် “Declined” ဆိုတဲ့ တုံ့ပြန်ချက်ကို ကဒ်ကွန်ရက်ကနေ တဆင့် ကဒ်လက်ခံဘဏ်ရဲ့ Payment Switch ဆီကို ပြန်ပို့ပေးပါတယ်။

အဆင့် ၆။ ။ ဒီအဆင့်မှာတော့ ကဒ်ထုတ်ပေးတဲ့ Issuer ရဲ့ ATM မှာဆိုရင် ငွေထွက်လာတာ၊ POS မှာဆိုရင် ဖြတ်ပိုင်း (Receipt) ထွက်လာတာ၊ E-commerce မှာဆိုရင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် app မှာ “ငွေပေးချေမှု အောင်မြင်ပါတယ်” ဆိုတဲ့ အသိပေးချက် ပြတာမျိုး ဖြစ်မှာပါ။ ဒီအခါမှာ သုံးစွဲသူက ဝန်ဆောင်မှု ရရှိပြီး ငွေပေးချေမှု လုပ်ငန်းစဉ် ပြီးစီးပါတယ်။ ငွေပေးချေတဲ့အခါမှာ ဒီလုပ်ငန်းစဉ် အားလုံးဟာ စက္ကန့်ပိုင်းပဲ ကြာမှာမို့ ချက်ခြင်း ပြီးစီးသွားသလို ထင်ရပေမယ့် နောက်ကွယ်မှာတော့ အခုပြောထားသလို အဆင့်ဆင့် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကဒ်ဖြင့်ငွေပေးချေမှု (Card Payments) လုပ်တဲ့အခါ နောက်ကွယ်မှာ ဘယ်လိုအဆင့်ဆင့် အလုပ်လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားလောက်ပါပြီ။ ဒီနေရာမှာ သိထားရမှာက အခုဖော်ပြပေးခဲ့တာက card payment transaction တစ်ခုရဲ့ ယေဘုယျ လုပ်ဆောင်ပုံ ဖြစ်ပါတယ်။ အကယ်၍များ ကဒ်ထုတ်ဝေသူ (Issuer) နဲ့ ကဒ်လက်ခံသူ (Acquirer) က အဖွဲ့အစည်းတစ်ခုတည်းဖြစ်မယ်ဆိုရင် လုပ်ဆောင်ပုံအဆင့်ပိုနည်းသွားတာမျိုး ဖြစ်နိုင်သလို၊ ပါဝင်ပတ်သတ်ရတဲ့ stakeholder အနည်းအများပေါ်မူတည်ပြီး လုပ်ဆောင်ရတဲ့ အဆင့်တွေပိုများသွားတာမျိုးလည်း ရှိမှာပါ။ ဥပမာ Payment Service Provider တွေ ပါဝင်လာတာမျိုးပေါ့။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top