Credit Card အကြွေးမတင်ဘဲသုံးနည်း

Credit card အသုံးပြုတဲ့အခါမှာ အရေးအကြီးဆုံး ရွှေစည်းမျဉ်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ လစဉ်ငွေစာရင်းရှင်းတမ်း (Monthly Statement) ရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ နောက်ဆုံးပေးသွင်းရမယ့်ရက် မတိုင်ခင် သုံးထားသမျှ အပြည့်ပြန်ဆပ်ရမယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လစဉ်ငွေစာရင်းရှင်းတမ်းမှာ ၃သိန်း ပေါ်နေတယ်ဆိုပါစို့။ အဲ့ဒီ ၃သိန်းကျပ်ကို နောက်ဆုံးပေးသွင်းရမယ့် ရက်မတိုင်ခင် အပြည့်အဝ ပြန်သွင်းပေးလိုက်ပါ။ အဲ့ဒါဆိုရင် ဘဏ်ကို အတိုး (Interest) အပါအဝင် မည်သည့် အဖိုးအခမှ ပေးစရာမလိုတော့ပါဘူ။ အကယ်၍ လောလောဆယ် အပြည့်မပေးသွင်းနိုင်သေးတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကို ပေးသွင်းဖို့လိုပါတယ်။ အဲ့ဒါဆိုရင်တော့ လက်ကျန်ငွေပမာဏအပေါ်မှာ အတိုးပေးရမှာဖြစ်ပေမယ့် ပြဿနာကြီးကြီးမားမားမရှိသေးပါ။ အကယ်၍ အနည်းဆုံးပေးသွင်းရမယ့် ငွေပမာဏ (Minimum Payment) ကိုပါ ပြည့်မီအောင် မပေးသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ မိမိရဲ့ credit history ကို ထိခိုက်မှာဖြစ်သလို ဘဏ်က ကောက်ခံမယ့် အတိုးနှုန်းအပြင် အခြားသော ဒဏ်ကြေးငွေတွေကိုပါ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

Credit Card Debt Free

နောက်ပြီး credit card ကို အသုံးပြုတဲ့အခါမှာ ကိုယ်ရထားတဲ့ အကြွေးသုံးစွဲခွင့်ပမာဏ (Credit Limit) ကို အကုန် မသုံးသင့်ပါ။ ဘယ်တော့မှ ကိုယ်ရရှိထားတဲ့ သုံးစွဲခွင့်ပမာဏရဲ့ ၃၀% ထက်ပိုပြီး အသုံးမပြုပါနဲ့။ ဥပမာ ကိုယ်ရထားတဲ့ သုံးစွဲခွင့်ပမာဏက ၁၀ သိန်းကျပ်ဆိုရင် ၃ သိန်းထက် ပိုပြီး အသုံးမပြုပါနဲ့။ အကယ်၍ အဲ့ဒီလိုလည်း မဖြစ်နိုင်ဘူး၊ မဖြစ်မနေ သုံးစရာရှိတဲ့ အခြေအနေမျိုးရှိခဲ့ရင်တော့ မိမိလစဉ်ဝင်ငွေထက် ဘယ်သောအခါမှ ပိုပြီး အသုံးမပြုပါနဲ။ ဥပမာ ကိုယ်က လစဉ် ၁၀ သိန်း ဝင်ငွေရှိတယ်ဆိုပါစို့။ Credit card မှာက လစာရဲ့ တစ်ဆခွဲ (၁၅ သိန်း) သို့မဟုတ် နှစ်ဆ (သိန်း၂၀) သုံးစွဲခွင့်ရထားတယ်ဆိုပါစို့၊ credit card ကို အများဆုံး ၁၀သိန်းထက် ပိုပြီး အသုံးမပြုပါနဲ့။ မိမိဝင်ငွေထက် ပိုပြီး အသုံးပြုမိလေလေ၊ ပြန်ဆပ်နိုင်ဖို့ ပိုပြီး ခက်ခဲလေလေပါပဲ။ အဲ့ဒီလို ပြန်မဆပ်နိုင်တဲ့အခါမှာ ဘဏ်က လစဉ်ကောက်ခံမယ့် အတိုးနှုန်း (Interest) အပြင်၊ ဒဏ်ကြေး (Penalty Fee) တွေ၊ နောက်ကျကြေး (Late Fee) တွေပါ ပါလာတော့မှာမို့ အကြွေးနွံထဲ နစ်သွားတတ်ပါတယ်။

နောက်တစ်ချက်က Credit card ကို အသုံးပြုတဲ့အခါမှာ စျေးဝယ်ဖို့နဲ့ အွန်လိုင်းမှာ ငွေပေးချေတာတွေအတွက်ပဲ အသုံးပြုပါ။ ATM ကနေငွေသားထုတ်ယူတာမျိုး၊ Cash advance ထုတ်ယူတာမျိုးတွေကို ဖြစ်နိုင်ရင် မလုပ်ပါနဲ့။ Credit card ကနေ ငွေသားထုတ်ယူတာကို cash advance လို့ခေါ်ပါတယ်။ Credit card တွေမှာ ငွေသားထုတ်ယူတဲ့ အသုံးပြုမှုတွေအတွက် ငွေထုတ်ယူခကောက်ခံခြင်း၊ အတိုးကင်းလွတ်ခွင့်ကာလ မပေးခြင်း အစရှိတာတွေ လုပ်ထားလေ့ရှိပါတယ်။ ဒါကြောင့် credit card နဲ့ ငွေသားထုတ်ယူမယ်ဆိုရင် အရေးပေါ် အခြေအနေမျိုးမှာသာ ငွေသားထုတ်ယူပါ။ အသုံးပြုပြီးတာနဲ့ ချက်ချင်း သို့မဟုတ် ရက်ပိုင်းအတွင်း ငွေသားထုတ်ယူထားတဲ့ ပမာဏအတိုင်း အပြည့် ငွေပြန်သွင်းပါ၊ လစဉ်ငွေစာရင်းရှင်းတမ်း (Monthly Statement) ရတဲ့အထိ မစောင့်ပါနဲ့။ ငွေသားထုတ်ယူမှုအတွက် အတိုးကင်းလွတ်ခွင့်ကာလ မရှိပါ၊ ထုတ်ယူတဲ့ နေ့ကစပြီး အတိုးပေးရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးတဲ့တစ်ချက်က ကိုယ် credit card ရယူထားတဲ့ ဘဏ်မှာ လစဉ်ဘဏ်ငွေစာရင်းထဲက အလိုအလျောက် ငွေနှုတ်ယူပြီး credit card အသုံးပြုမှုအတွက် ငွေပေးသွင်းလို့ရတဲ့ ဝန်ဆောင်မှုရှိရင် အဲ့ဒီ ဝန်ဆောင်မှုကို ရယူထားသင့်ပါတယ်။ နောက်တစ်နည်းက credit card အသုံးပြုမှုအတွက် ငွေပြန်သွင်းဖို့ ဖုန်းထဲက ပြက္ခဒိန်မှာ မှတ်ထားပါ။ အဲ့ဒါဆို အချိန်မှန် alert ရနေမှာမို့ မေ့ပြီး ငွေမသွင်းမိမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ Credit card ဆိုတာ အပိုငွေမဟုတ်သလို သုံးပြီးတာနဲ့ ပြန်ပေးရမယ်ဆိုတာ အမြဲတမ်း သတိရပါ။

ဒီလောက်ဆိုရင်တော့ credit card ကို အကြွေးကင်းကင်းနဲ့ အသုံးပြုနိုင်ဖို့၊ အဲ့ဒီလို အသုံးမပြုနိုင်ရင်တောင် ဘဏ်ကို ပေးဆောင်ရမယ့် အဖိုးအခတွေ အနည်းဆုံးဖြစ်စေဖို့၊ အကြွေးနွံထဲမနစ်သွားရလေအောင် ထိန်သိမ်းနိုင်ဖို့နဲ့ credit history ကောင်းတွေ တည်‌ဆောက်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်မှာ Credit Bureau လည်းရှိနေပြီမို့ အခုကတည်းက credit card ကို ကောင်းမွန်စွာ အသုံးပြုပြီး credit history ကောင်းတွေကို တည်ဆောက်ထားမယ်ဆိုရင် နောက်တစ်ချိန်မှာ ပြန်ပြီး အသုံးဝင်လာပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

(p.s တစ်ခါတစ်လေ credit card ကို ငွေပြန်ထည့်တဲ့အခါမှာ မှားပြီးတော့ ငွေပိုသွင်းမိတဲ့အခါတွေ ရှိတတ်ပါတယ်။ ဥပမာ – ကိုယ် credit card မှာ သုံးထားတာက ၁သောင်းပါ။ Mobile banking app တွေ၊ internet banking စနစ်တွေကနေ ငွေသွင်းတဲ့အခါမှာ မှားပြီးတော့ ‘0’ တစ်လုံးပိုရိုက်မိပြီး ငွေ၁သိန်း သွင်းမိသွားပါတယ်။ ဒီလို အခြေအနေမျိုးမှာ တစ်ခုသိထားရမှာက credit card က ဘဏ်ငွေစုအကောင့် မဟုတ်လို့ ကိုယ်သုံးထားတာထက် ငွေပိုထည့်မိရင် အတိုးမရပါဘူး။ ပုံမှန် ဘဏ်အကောင့်တွေမှာတောင် စာရင်းရှင်အပ်ငွေစာရင်း (Current Account) လို ငွေထည့်ထားပြီး အတိုးမရတဲ့ ငွေစာရင်း အမျိုးအစားတွေရှိတယ် မဟုတ်လား။ အဲ့ဒီလို credit card ကို မှားပြီး ငွေပိုသွင်းမိတဲ့အခါတွေမှာ သွင်းလိုက်တဲ့ ငွေပမာဏဟာ ကတ်ထဲမှာပဲ ရှိနေမှာဖြစ်လို့ အဲ့ဒီ ငွေပမာဏအတွက် credit card နဲ့ တစ်ခုခုပြန်ပြီး အသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ် ဘဏ်ကို ငွေပြန်ထုတ်ပေးဖို့ တောင်းလို့လည်း ရတတ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ငွေနည်းနည်းလောက် ပိုသွင်းမိတာ ပြဿနာမရှိပါ။ အများကြီး ပိုသွင်းလိုက်မိရင်တော့ ကတ်ထုတ်ပေးထားတဲ့ ဘဏ်မှာ Fraud Alert တက်တာမျိုး၊ illegal action တစ်ခုခုလုပ်ဖို့ ကြိုးစားနေသလားဆိုပြီး သံသယဖြစ်ခံရတာ၊ review အလုပ်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top