ATM ဆိုတာ Automated Teller Machine ကို အတိုကောက် ခေါ်တာဖြစ်ပြီး ငွေထုတ်စက်လို့လည်း အလွယ်ခေါ်ကြပါတယ်။ ဒါပေမယ့် ATM စက် တွေရဲ့ လုပ်နိုင်စွမ်းက ငွေထုတ်ပေးတာထက် အများကြီး ပိုပါတယ်။ အသုံးပြုတဲ့ ATM အမျိုးအစားနဲ့ ဝန်ဆောင်မှုပေးတဲ့ ဘဏ်အပေါ်မူတည်ပြီး ငွေထုတ်တာအပြင်၊ ငွေလွှဲတာ၊ ငွေသွင်းတာ၊ ဘဏ်စာအုပ် update လုပ်တာ၊ ဘေလ်ဆောင်တာအပြင် အခြားသော အဆင့်မြင့် ဘဏ်ဝန်ဆောင်မှုတွေကိုပါ လုပ်ဆောင်လို့ရနိုင်ပါတယ်။

ATM တွေဟာ တစ်ကယ်တမ်းမှာ ကွန်ပျူတာ၊ ပရင်တာ၊ ငွေရေစက်နဲ့ မီးခံသေတ္တာတို့ကို ပေါင်းစပ်ထားတဲ့စက်လို့ပဲ ပြောရမှာပါ။ ယေဘုယျအားဖြင့် ATM တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ပြောရရင်
၁) ကဒ်ဖတ်စက် (Card Reader)
ဘဏ်ကဒ်ကို ထည့်ရတဲ့ နေရာဖြစ်ပါတယ်။ ဒီ Card Reader က ဘဏ်ကဒ်ထဲက Magnetic Stripe သို့မဟုတ် Chip ကနေ အချက်အလက်တွေကို ဖတ်ပြီး ဘဏ်စနစ်နဲ့ ချိတ်ဆက်ပေးပါတယ်။
၂) Keypad
ဘဏ်ကဒ်ရဲ့ PIN (Personal Identification Number) ကို ရိုက်ထည့်ရတဲ့ Numeric Keypad ဖြစ်ပါတယ်။ PIN အပြင် Transaction အမျိုးအစားပေါ်မူတည်ပြီး ငွေပမာဏ၊ အကောင့်နံပတ်နဲ့ အခြားသော သက်ဆိုင်ရာ အချက်အလက်တွေ ရိုက်ထည့်ဖို့ အသုံးပြုပါတယ်။
၃) မော်နီတာ (Display Screen)
အသုံးပြုသူတွေကို လုပ်ဆောင်ချက်တွေကို ပြသဖို့အတွက် သုံးပါတယ်။ Touch screen ဒါမှမဟုတ် ပုံမှန် screen လည်း ဖြစ်နိုင်ပါတယ်။
၄) ငွေရေစက်၊ ငွေထုတ်စက် (Cash Dispenser)
ငွေထုတ်ယူတဲ့အခါမှာ ဒီအစိတ်အပိုင်းက ငွေတွေကို ထုတ်ပေးပါတယ်။ Vault လို့ခေါ်တဲ့ မီးခံသေတ္တာ၊ ငွေစက္ကူတွေ သိမ်းဆည်းထားနိုင်တဲ့ cassette box တွေပါဝင်ပြီး၊ ငွေတွေကို တိကျစွာ ရေတွက်ပေး၊ ထုတ်ပေးနိုင်ပါတယ်။
၅) Receipt Printer
ငွေထုတ်တာ၊ လက်ကျန်ငွေစစ်တာနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ရယူပြီးတဲ့အခါမှာ အသုံးပြုသူက တောင်းဆိုတဲ့အခါ ပြေစာထုတ်ပေးဖို့ အသုံးပြုပါတယ်။
၆) ကွန်ပျူတာအစိတ်အပိုင်းတွေ
ပုံမှန်ကွန်ပျူတာတွေမှာလိုပဲ CPU ၊ RAM ၊ Storage ၊ Power Supply နဲ့ ATM Host/Payment Switch ကို ချိတ်ဆက်နိုင်ဖို့အတွက် Communication Module တွေ ပါဝင်ပါတယ်။
၇) Security Features တွေ
ATM စက်တွေမှာ လုံခြုံရေးအတွက် ကင်မရာတွေနဲ့ PIN ကို ကာကွယ်ပေးတဲ့ encryption module တွေလည်း ပါဝင်ပါတယ်။
ပုံမှန် ATM Transaction တစ်ခုရဲ့ လုပ်ဆောင်ပုံကတော့
၁) ပထမဆုံးသုံးစွဲသူက ကဒ်ထည်လိုက်ရင် မြန်မာစာ၊ အင်္ဂလိပ်စာ အစရှိသဖြင့် သုံးစွဲမယ့် ဘာသာစကားကို ရွေးချယ်ခိုင်းပါမယ်။
၂) ပြီးတော့ PIN တောင်းပါမယ်။
၃) ငွေထုတ်မယ်၊ ငွေလွှဲမယ်၊ Mini Statement ကြည့်မယ် အစရှိသဖြင့် အသုံးပြုချင်တဲ့ ဝန်ဆောင်မှုကို ရွေးချယ်ပေးရပါမယ်။
၄) ငွေထုတ်မှာဆို ထုတ်ယူချင်တဲ့ ငွေပမာဏကို keypad ကနေ ရိုက်ထည့်ပေးရပါမယ်။
၅) အဲ့ဒီနောက်မှာ ATM ကနေ ATM Host/Card Issuer ကို ဆက်သွယ်ပြီး အချက်အလက်တွေကို message ပို့ပေးလိုက်ပါတယ်။
၆) Card Issuer ကနေ ATM ကနေ ပို့ပေးထားတဲ့ PIN မှန်သလား၊ Fraud အနေနဲ့ သံသယရှိသလား၊ အကောင့်ထဲမှာ ငွေရှိသလား အစရှိသဖြင့် စစ်ဆေးပါမယ်။
၇) စစ်ဆေးမှုရလဒ်ကို Issuer ကနေ ATM ဆီကို message ပြန်ပို့လိုက်ပါတယ်။ ငွေထုတ်ပေးပါ၊ ငွေထုတ်ပေးပါနဲ့၊ ကဒ်ကို သိမ်းယူပါ အစရှိသဖြင့် ပြန်ပို့ပေးပါတယ်။
၈) ငွေထုတ်ပေးဖို့ response message ရခဲ့ရင် ATM ရဲ့ cash dispenser ကနေ ငွေထုတ်ပေးပါတယ်။
၉) ကဒ်အသုံးပြုသူက receipt ထုတ်ပေးဖို့ တောင်းဆိုရင် receipt printer ကနေ ပြေစာထုတ်ပေးပါတယ်။
၁၀) စက်ကနေ ကဒ်ပြန်ထွက်လာပါတယ်။ ဒါကတော့ ATM Transaction တစ်ခုရဲ့ ယျေဘုယျ လုပ်ဆောင်ပုံ အဆင့်တွေ ဖြစ်ပါတယ်။
ATM တွေမှာ ငွေထုတ်တဲ့အခါ အချို့ ATM တွေက ကဒ်အရင် ပြန်ထွက်လာပါတယ်။ ပြီးတော့မှ ငွေထွက်ပါတယ်။ ရည်ရွယ်ချက်က ငွေထွက်လာတဲ့အခါ ကဒ်ကို မေ့မကျန်ခဲ့အောင် အရင်ပြန်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ နောက်ထပ် ဝန်ဆောင်မှုတွေကို အသုံးပြုချင်သေးရင် ကဒ်ကို စက်ထဲ ပြန်ထည့်ရပါတယ်။ အဲ့ဒါကြောင့် အချို့ ATM တွေမှာတော့ ငွေကို အရင်ထုတ်ပေးပြီးမှ ကဒ်ထုတ်ပေးပါတယ်။ ကဒ်ပြန်ထည့်စရာမလိုတော့တာမို့ ဝန်ဆောင်မှုတွေကို ဆက်ပြီး အသုံးမယ့်သူတွေအတွက် အဆင်ပြေသွားနိုင်ပေမယ့် အဲ့ဒီလို ATM တွေမှာ မကြာခဏ ဖြစ်တတ်တာကတော့ အသုံးပြုသူတွေက ကဒ်မေ့ကျန်ခဲ့တာပါပဲ။ အဲ့ဒါကြောင့် ငွေအရင်ထွက်တဲ့ ATM တွေမှာ အသုံးပြုတဲ့အခါ ကဒ်မေ့ကျန်ခဲ့ရအောင် သတိထားဖို့လိုပါတယ်။
ဒီလောက်ဆိုရင်တော့ ATM မျိုးကွဲတွေအကြောင်း၊ ATM တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကြောင်း၊ ATM Transaction တစ်ခု အလုပ်လုပ်ပုံနဲ့ သတိထားသင့်တဲ့ အချက်တွေကို သိသွားလောက်ပါပြီ။ ပြောရမယ်ဆိုရင် ATM တစ်လုံးဟာ ဘဏ်ဝန်ထမ်း (Bank Teller) တစ်ယောက် ဝန်ဆောင်မှုပေးနိုင်တာ အားလုံးနီးပါး လုပ်ပေးနိုင်ပါတယ်။ ၂၄နာရီ တစ်နှစ်ပတ်လုံး မနားတမ်း ဝန်ဆောင်မှုပေးနိုင်တာကြောင့် ပုံမှန် ဘဏ်ဝန်ထမ်းတစ်ယောက်ထက် အားသာသွားတယ်လို့တောင် ဆိုရမှာပါ။ (စက်ပျက်တာ၊ ငွေကုန်တာတော့ ဖြစ်တတ်ပေမယ့်လို့ပေါ့။)