ဒီဂျစ်တယ်ငွေပေးချေမှုတွေ ပြုလုပ်တဲ့အခါ သာမန်အားဖြင့် ငွေပေးချေလိုက်တာနဲ့ ချက်ချင်း ပြီးသွားတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းကျတော့ ကတ်နဲ့ tap လုပ်လိုက်တာ၊ QR scan ဖတ်လိုက်တာ၊ payment button ကို နှိပ်လိုက်တာနဲ့ ငွေက ကုန်သည် (merchant) ဆီကို ချက်ချင်း ရွှေ့ပြောင်းသွားတာ မဟုတ်ပါဘူး။
ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုလိုက်တဲ့ ငွေပေးချေမှုနည်းလမ်း (POS terminal ၊ QR/wallet app ၊ ecommerce website/app အစရှိသဖြင့်) ကနေ အချက်အလက်တွေကို payment processor ဆီ ပို့လိုက်ပါတယ်။ Processor က စစ်ဆေးပြီး ငွေပေးချေသူရဲ့ဘဏ် သို့မဟုတ် သက်ဆိုင်ရာ provider ဆီကို ဆက်ပြီး ပေးပို့လိုက်ပါတယ်။ အဲ့ဒီမှာ သက်ဆိုင်ရာဘဏ် ၊ provider တို့က ငွေပေးချေသူမှာ လက်ကျန်ငွေ လုံလောက်မှုရှိမရှိ၊ ပေးချေခွင့်ရှိမရှိ စစ်ဆေးဆုံးဖြတ်ပြီး “လက်ခံတယ်” (approve) သို့မဟုတ် “ငြင်းပယ်တယ်” (decline) ဆိုပြီး အကြောင်းပြန်ပါတယ်။ အသုံးပြုသူ end-user တစ်ယောက်အနေနဲ့ ဒီအဆင့်ထိပဲ မြင်နိုင်မှာပါ။
အဲ့ဒီအဆင့်ပြီးလို့ နာရီပိုင်း (သို့မဟုတ်) နောက်ရက်မှာမှ settlement လို့ခေါ်တဲ့ အမှန်တကယ် ငွေကြေးလွှဲပြောင်းပေးတဲ့ အဆင့်ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲ့ဒီတော့မှ ကုန်သည် (merchant) ရဲ့ အကောင့်ထဲကို ငွေဝင်မှာ ဖြစ်ပါတယ်။ ကုန်သည် (merchant) နဲ့ ချိတ်ဆက်ထားတဲ့ service provider ၊ အသုံးပြုထားတဲ့ ငွေပေးချေမှု နည်းလမ်းပေါ် မူတည်ပြီး တစ်ရက်၊ နှစ်ရက်၊ တစ်ပတ် အစရှိသဖြင့် စောင့်ဆိုင်းပြီးမှ ငွေဝင်မှာ ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်း ပြောရရင် ချက်ချင်းပြီးသွားတဲ့အပိုင်းက authorization လို့ခေါ်တဲ့ ငွေပေးချေမှု ခွင့်ပြုပေးခြင်း သက်သက်သာဖြစ်ပြီး၊ အမှန်တစ်ကယ် ငွေကြေးလွှဲပြောင်းရရှိမှု အပိုင်းကတော့ settlement လုပ်ဆောင်ပြီးမှ ရရှိမှာ ပြီးစီးမှာ ဖြစ်ပါတယ်။
“Payments Made Simple” 40-day series day 2 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။ ထပ်ဖြည့်ပေးချင်တာ၊ ရေးစေချင်တာတွေ ရှိရင်လည်း comment မှာ ဆွေးနွေးပေးခဲ့ကြပါဦး။
