ငွေပေးချေမှုဖြစ်စဉ်မှာပါဝင်ပတ်သတ်ကြသူများ

ကဒ်ဖြင့် ငွေပေးချေမှုပြုလုပ်နိုင်ဖို့ ပါဝင်ပတ်သတ်သူများကို တူရာတူရာ အုပ်စုဖွဲ့ရမယ်ဆိုရင်

  • ကဒ်ကိုင်ဆောင်သူ cardholder
  • ကဒ်ထုတ်ဝေသူ card issuer
  • ငွေပေးချေမှုလက်ခံသူ card acceptor သိုမဟုတ် merchant
  • ငွေပေးချေမှုလက်ခံနိုင်ဖို့ရာ ဆောင်ရွက်ပေးသူ card acquirer
  • ငွေပေးချေမှုကွန်ရက် card network နှင့်
  • စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းပေးသူ regulator

ဆိုပြီး အကြမ်းဖျင်း ၆မျိုး ခွဲခြားသတ်မှတ်လို့ရပါတယ်။

ကဒ်ကိုင်‌ဆောင်သူ cardholder ဆိုတာကတော့ သက်ဆိုင်ရာဘဏ်၊ ငွေကြေးအဖွဲ့အစည်းတစ်ခုခုကနေ ကဒ်လျှောက်ထား ကိုင်ဆောင်ပြီး အဆိုပါကဒ်ဖြင့် ငွေကြေးဝန်ဆောင်မှုများ အသုံးပြုမည့်သူဖြစ်ပါတယ်။

ကဒ်ထုတ်ဝေသူ card issuer ဆိုတာ ကတော့ ဘဏ်သော်လည်းကောင်း၊ ငွေကြေးအဖွဲ့အစည်းတစ်ခုခုသော်လည်းကောင်း ကဒ်ထုတ်ဝေသည့် မည်သည့် အဖွဲ့အစည်းကိုမဆို card issuer လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဘဏ်တွေကသာ ကဒ်ထုတ်ဝေနိုင်တာမဟုတ်ဘဲ သက်ဆိုင်ရာ ဗဟိုဘဏ်တွေကသာ ခွင့်ပြုလျှင် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများကလည်း ငွေပေးချေမှုကဒ်များ ထုတ်ဝေနိုင်ပါတယ်။

ငွေပေးချေမှုလက်ခံသူ card acceptor သို့မဟုတ် merchant ဆိုတာကတော့ အလိုအလျှောက်ငွေထုတ်စက် ATM စက်ဖြင့်ဖြစ်စေ၊ ငွေပေးချေမှုစက် POS ဖြင့်ဖြစ်စေ၊ ecommerce online ငွေပေးချေမှုဖြင့်ဖြစ်စေ ကဒ်ဖြင့်ငွေပေးချေမှုကိုလက်ခံပြီး ဝန်ဆောင်မှုပေးသူများကို ခေါ်တာဖြစ်ပါတယ်။

ငွေပေးချေမှုလက်ခံနိုင်ရန် ဆောင်ရွက်ပေးသူ card acquirer ဆိုတာကတော့ card acceptor များ၊ merchant များအတွက် ငွေပေးချေမှုလက်ခံနိုင်ရန် ဆောင်ရွက်ပေးသည့် ဘဏ်၊ ငွေကြေးအဖွဲ့အစည်းများကို ခေါ်တာဖြစ်ပါတယ်။

ငွေပေးချေမှုကွန်ရက် card network ဆိုတာကတော့ မတူညီတဲ့ ဘဏ်၊ ငွေကြေးအဖွဲ့အစည်းများကြား ငွေပေးချေမှုများ လုပ်ဆောင်နိုင်စေရန် ကြားခံဆောင်ရွက်ပေးသည့် ကွန်ရက် ပံ့ပိုးပေးသော အဖွဲ့အစည်းများကို ခေါ်တာဖြစ်ပါတယ်။ မြန်မာပြည်မှာဆို Myanmar Payment Union (MPU) သည် card network ကို ပံ့ပိုးပေးထားပြီး MPU network ကို ချိတ်ဆက်လိုက်သည်နှင့် မည်သည့် ဘဏ်မှ ထုတ်ဝေသည့် MPU ကဒ်နှင့်ဖြစ်စေ ကွန်ရက်အတွင်းရှိ POS device များ၊ ATM များနှင့် ecommerce website များတွင် ငွေပေးချေမှုများ လုပ်ဆောင်နိုင်စေတာ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်း‌များဖြင့် ထိန်းကျောင်းပေးသူ regulator အုပ်စုမှာတော့ ဗဟိုဘဏ်လို အစိုးရအဖွဲ့အစည်းများသာမက၊ Myanmar Payment Union လို၊ PCI Security Standard Council လို၊ EMVCo လို အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အစရှိသဖြင့်၂-မျိုးခွဲခြား သတ်မှတ်လို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top