Payment Card တစ်ခုရဲ့ ဖွဲ့စည်းပုံ Layout နဲ့ လုပ်ဆောင်ချက် Function များ

ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို ကဒ်တွေကို ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပြီး Credit Card၊ Debit Card၊ Prepaid Card စတဲ့ အမျိုးအစားတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံ (Layout) နဲ့ လုပ်ဆောင်ချက် (Functionality) တွေကို ပြောပြပေးသွားမှာပါ။ ငွေပေးချေမှုကဒ်တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ သီးခြား လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ကဒ်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အောက်မှာ ခွဲပြီး ရှင်းပြထားပါတယ်။

Anatomy of A Payment Card

Photo Credit: www.freepik.com

၁။ ကဒ်နံပါတ် (Card Number) 

ကဒ်ရဲ့ အဓိကအချက်အလက်ဖြစ်ပြီး များသောအားဖြင့် နံပါတ် ၁၆ လုံး ပါတဲ့ ဂဏန်းတွဲပါ။ ဒီဂဏန်းတွေမှာ ရှေ့ဆုံးက ဂဏန်း၆လုံး သို့မဟုတ် ၈လုံးက ထုတ်ဝေတဲ့ ကဒ်အမျိုးစားနဲ့ ဘဏ်ကို ခွဲခြားသတ်မှတ်ဖို့ အသုံးပြုပါတယ်။ ဥပမာ – မြန်မာပြည်မှာ ထုတ်ဝေတဲ့ MPU ကဒ်တွေမှာဆိုရင် 95 နဲ့ စပါတယ်။ နိုင်ငံတကာသုံး ငွေပေးချေမှုကဒ်တွေမှာဆိုရင်လည်း ယေဘုယျအားဖြင့် 4 နဲ့စရင် Visa ၊ 5 နဲ့စရင် Mastercard ၊ 3 နဲ့ စရင် JCB ၊ 6 နဲ့ စရင် UPI ဆိုပြီး ခွဲခြားလို့ရပါတယ်။ ကဒ်နံပတ်ပေါ်မူတည်ပြီးတော့ card brand ကိုသာမကဘဲ ဘယ်ဘဏ်ကထုတ်တာလဲ၊ credit card လား၊ debit card လား၊ credit card မှာဆိုရင် entry level card လား၊ VIP ကဒ်လား၊ plastic card လား၊ virtual card လား အစရှိသဖြင့်အထိ ခွဲခြားလို့ရနိုင်ပါတယ်။

၂။ ကဒ်ကိုင်ဆောင်သူရဲ့ နာမည် (Cardholder Name) 

ကဒ်ကိုင်ဆောင်သူရဲ့ နာမည်ကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်သူပိုင်လဲဆိုတာ ခွဲခြားဖို့ အသုံးပြုပါတယ်။ ကုမ္ပဏီတွေအတွက် ထုတ်ဝေပေးထားတဲ့ corporate ကဒ်တွေမှာဆို ကဒ်ကိုင်ဆောင်သူနာမည်အပြင် ကုမ္ပဏီနာမည်ကိုပါ ရိုက်နှိပ်ထားတာမျိုးလည်းရှိနိုင်ပါတယ်။ အချို့ကဒ်များမှာတော့ ထုတ်ဝေတဲ့ issuer နဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး နာမည်မရိုက်နှိပ်ပဲ ထုတ်ဝေတာမျိုးလည်း ရှိနိုင်ပါတယ်။

၃။ ကဒ်သက်တမ်း (Expiration Date) 

ကဒ်ကို ဘယ်အချိန်ထိ သုံးလို့ရမလဲဆိုတာကို Month နဲ့ Year (MM/YY သို့ MM/YYYY) ပုံစံနဲ့ ဖော်ပြထားပါတယ် (ဥပမာ – 12/28 သို့ 12/2028)။ ကဒ်လုံခြုံရေးအတွက် အရေးကြီးအချက်အလက်ဖြစ်ပြီး သက်တမ်းကုန်ရင် ကဒ်ကို အသစ်ထုတ်ရပါတယ်။

၄။ ကဒ်ကွန်ရက် အမှတ်တံဆိပ် (Card Network Logo) 

MPU ၊ Visa ၊ Mastercard ၊ JCB ၊ UnionPay လို ကဒ်ကွန်ရက်ရဲ့ လိုဂိုကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်ကွန်ရက်က ထောက်ပံ့ပေးထားလဲဆိုတာ ပြပါတယ်။ ကဒ်ကွန်ရက်ကို ဖော်ပြတာမှာ ကွန်ရက်တစ်မျိုးတည်းမှာပဲ အသုံးပြုနိုင်တဲ့ ကဒ် (Single-Branded Card) ဆိုရင် ကွန်ရက်လိုဂိုတစ်မျိုးပဲပါမှာပါ။ ကွန်ရက်တစ်မျိုးတက်ပိုပြီး အသုံးပြုနိုင်တဲ့ကဒ် (Co-Branded /Dual-Branded Card) တွေမှာတော့ အသုံးပြုနိုင်တဲ့ ကွန်ရက်လိုဂို တစ်မျိုးထက်ပိုပြီး ရိုက်နှိပ်ထားတာ တွေ့ရမှာပါ။

၅။ EMV Chip (Smart Chip) 

ကဒ်ရဲ့ အဓိက နည်းပညာအစိတ်အပိုင်းဖြစ်ပြီး ဒေတာသိမ်းဆည်းဖို့ အသုံးပြုတဲ့ Microchip ပါ။ EMV စံနှုန်းနဲ့ ဖန်တီးထားပြီး ငွေပေးချေမှုမှာ Authentication နဲ့ Encryption တွေ လုပ်ဆောင်ဖို့ အသုံးပြုပါတယ်။

၆။ Magnetic Stripe

ကဒ်ရဲ့ နောက်ဘက်မှာ အနက်ရောင် အစင်းကြောင်းတစ်ခု ပါတယ်။ ဒါက ကဒ်အချက်အလက်တွေကို သံလိုက်နည်းနဲ့ သိမ်းဆည်းထားတာပါ။ အခုခေတ်မှာ EMV Chip ကို အဓိကသုံးပြီး Magnetic Stripe ကို အရန်အနေနဲ့ပဲ ထည့်ထားတာများပါတယ်။

၇။ CVV ကုဒ် (Card Verification Value) 

ကဒ်နောက်ဘက်မှာ ၃ လုံး ဒါမှမဟုတ် ၄ လုံး ဂဏန်းတစ်ခု ပါတယ် (ဥပမာ – 123)။ အဲ့ဒါက CVV က Chip ဒါမှမဟုတ် Magnetic Stripe ထဲမှာ မသိမ်းထားဘဲ ကဒ်ပေါ်မှာပဲ ရိုက်နှိပ်ထားပြီး အွန်လိုင်းမှာ ငွေပေးချေတဲ့အခါ လုံခြုံရေးအတွက် အသုံးပြုပါတယ်။

၈။ လက်မှတ်စာကြောင်း (Signature Strip) 

ကဒ်ကိုင်ဆောင်သူရဲ့ လက်မှတ်ထိုးဖို့ နေရာတစ်ခု ပါတယ်။ ဒါက ဆိုင်တွေမှာ ငွေပေးချေတဲ့အခါ အထောက်အထား စစ်ဆေးဖို့ အသုံးပြုပါတယ်။

၉။ ဘဏ်ဆက်သွယ်ရန် အချက်အလက် (Bank Contact Info) 

ကဒ်ထုတ်ပေးတဲ့ ဘဏ်ရဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကို ဖော်ပြထားပြီး ပြဿနာရှိရင် ဆက်သွယ်ဖို့ အသုံးပြုပါတယ်။

၁၀။ NFC Antenna (Contactless Capability) 

တချို့ကဒ်တွေမှာ NFC (Near Field Communication) Antenna ထည့်သွင်းထားပြီး Contactless ငွေပေးချေမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက ရေဒီယိုလှိုင်းနဲ့ ဒေတာပို့လွှတ်တာမို့ POS စက်မှာ ကပ်လိုက်ရုံနဲ့ ငွေပေးချေလို့ရပါတယ်။ POS စက်ရဲ့ ကဒ်ဖတ်တဲ့နေရာကို chip ထည့်ပေးစရာ မလိုတော့ပဲ အသုံးပြုနိုင်တာပါ။

ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံဟာ ရိုးရှင်းပေမယ့် နောက်ကွယ်မှာ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါတယ်။ EMV Chip၊ NFC၊ CVV လို အချက်တွေက ကဒ်ကို လုံခြုံပြီး အသုံးပြုရလွယ်ကူစေတဲ့ အဓိကအရာတွေ ဖြစ်ပါတယ်။ ငွေပေးချေမှုကဒ်တွေရဲ့ ပုံစံနဲ့ လုပ်ဆောင်ချက်ကို သိထားရင် ကဒ်တွေကို လုံခြုံစွာ အသုံးပြုနိုင်ဖို့နဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အထောက်အကူပြုမှာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top