ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်တွေဟာ ငွေပေးချေမှုစနစ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုကြတဲ့ ကဒ်အမျိုးအစား အမျိုးမျိုးထဲကမှ မြန်မာနိုင်ငံမှာလက်ရှိ လျှောက်ထားကိုင်ဆောင် အသုံးပြုနိုင်တဲ့ Credit Card၊ Debit Card၊ Prepaid Card ဆိုတဲ့ သုံးမျိုးကို အဓိကထားပြီး ပြောပြပေးပါမယ်။ ကဒ်ရဲ့ လုပ်ဆောင်ပုံ၊ အကျိုးကျေးဇူးတွေနဲ့ ဘယ်လိုသူတွေအတွက် သင့်တော်လဲဆိုတာကို ဆွေးနွေးပေးပါမယ်။

၁။ အကြွေးဝယ်ကဒ် (Credit Card)
Credit Card ဆိုတာ ဘဏ်ဖြစ်စေ ငွေကြေးအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ သုံးစွဲသူအတွက် ချေးငွေပမာဏ (Credit Limit) သတ်မှတ်ပြီး ထုတ်ပေးထားတဲ့ ကဒ်အမျိုးအစားပါ။ Credit limit သတ်မှတ်ပေးထားပြီး အဲဒီပမာဏကို အရင်ပေးသုံးထားပြီးမှ သတ်မှတ်ထားတဲ့ အချိန်မှာ ငွေပြန်ဆပ်ရတဲ့ ကဒ်အမျိုးအစားပါ။ အကျိုးကျေးဇူးအားဖြင့် အရေးပေါ်ငွေလိုတဲ့အခါ အသုံးဝင်တယ်၊ အွန်လိုင်းငွေပေးချေမှုတွေကို လွယ်ကူစေတယ်၊ ပြီးတော့ Cashback၊ Reward Points နဲ့ ခရီးသွားတဲ့အခါ ရနိုင်တဲ့ အကျိုးခံစားခွင့်တွေ ပေးထားတတ်ပါတယ်။ နောက်ထပ် အားသာချက်ကတော့ ကဒ်ပျောက်သွားပြီး အချိန်မီ ကဒ်ကို မပိတ်နိုင်ခဲ့ရင် အဆိုးဆုံးအခြေ အနေဆိုရင်တောင် credit limit ရထားသလောက်သာ ဆုံးရှုံးမှုဖြစ်မှာပါ။
ဘယ်သူတွေအတွက် သင့်တော်လဲဆိုရင် အကြွေးဝယ်ကဒ်ဖြစ်တာမို့ ကိုယ်တိုင်ငွေစီမံခန့်ခွဲနိုင်ပြီး ပြန်ဆပ်နိုင်စွမ်းရှိတဲ့သူတွေ၊ အွန်လိုင်းမှာနဲ့ အပြင်မှာ မကြာခဏ စျေးဝယ်တတ်သူတွေ၊ cashback တွေ reward တွေ ရယူချင်သူတွေအတွက် အဆင်ပြေပါတယ်။ အထူးသတိထားရမှာကတော့ အကြွေးဝယ်ကဒ်ဖြစ်တာမို့ သတ်မှတ်ချက်တွေအတိုင်း ငွေပြန်မဆပ်နိုင်ရင် အတိုးတွေ တောက်လျှောက်တက်နေမှာဖြစ်ပြီး နောက်ဆုံးမှာ အကြွေးနွံထဲ နစ်နိုင်ပါတယ်။ အကြွေးဝယ်ကဒ်ဖြစ်တာမို့ ATM စက်တွေမှာ ငွေထုတ်တာမျိုးကို ခွင့်မပြုထားတာဖြစ်နိုင်သလို၊ ခွင့်ပြုခဲ့ရင်လည်း ငွေထုတ်ယူခ (Withdrawal Fee) ဆိုပြီး ကောက်ခံရနိုင်ပါတယ်။
၂။ ဘဏ်ကဒ် (Debit Card)
မြန်မာပြည်မှာတော့ များသောအားဖြင့် ဘဏ်ကဒ်၊ ATM ကဒ် အစရှိသဖြင့် ခေါ်တတ်ကြပြီး Debit Card ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သုံးစွဲသူရဲ့ ဘဏ်အကောင့်ထဲက ငွေကို တိုက်ရိုက်ထုတ်ယူသုံးစွဲတဲ့ ကဒ်အမျိုးအစားပါ။ အကျိုးကျေးဇူးအားဖြင့် ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကပဲ ငွေထုတ်ယူသုံးစွဲတာမို့ credit card လိုမျိုး အကြွေးမတင်ဘူး၊ ပြီးတော့ ငွေသားမသုံးဘဲ အလွယ်တကူ ငွေပေးချေလို့ရတယ်၊ ATM ကနေ ငွေထုတ်လို့ရတယ်၊ အွန်လိုင်းမှာ စျေးဝယ်ဖို့လည်း သုံးလို့ရတယ်။
ဘယ်သူတွေအတွက် သင့်တော်လဲဆိုရင် နေ့စဉ်သုံးဖို့ ရိုးရှင်းတဲ့ ကဒ်လိုချင်သူတွေ၊ အကြွေးမတင်ချင်သူတွေ၊ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ကဒ်ကို အသုံးပြုချင်သူတွေနဲ့ ဝန်ထမ်းတွေအတွက် လစာငွေ လက်ခံဖို့အတွက် အဆင်ပြေပါတယ်။ သတိပြုရမှာက Credit card လို ငွေကြိုတင်အသုံးပြုခွင့်ရမှာ မဟုတ်လို့ ဘဏ်အကောင့်ထဲမှာ ငွေရှိမှ သုံးလို့ရမှာဖြစ်ပါတယ်။ အကယ်၍ ကဒ်ပျောက်သွားခဲ့ရင်လည်း အချိန်မီ ကဒ်ပိတ်နိုင်ဖို့လိုပါတယ်။ ဘဏ်တွေက daily limit ၊ transaction limit တွေ၊ fraud management tool တွေနဲ့ ကာကွယ်ပေးထားပေမယ့် အခန့်မသင့်ရင် ကိုယ့်အကောင့်ထဲက ငွေတွေဆုံးရှုံးနိုင်ခြေရှိတာမို့ ကဒ်ပျောက်ဆုံးတဲ့အခါ ပေါ့ပေါ့ဆဆ မနေပဲ အမြန်ဆုံးကဒ်ကို ပိတ်ရမှာပါ။
၃။ ကြိုတင်ငွေဖြည့်ကဒ် (Prepaid Card)
Prepaid Card ဆိုတာ ကြိုတင်ငွေဖြည့်ထားပြီး အဲဒီပမာဏအတိုင်းပဲ သုံးလို့ရတဲ့ ကဒ်အမျိုးအစားပါ။ Prepaid card ကို ဘဏ်အကောင့်နဲ့ ချိတ်ဆက်မထားပါ။ ပြီးတော့ Credit card နဲ့ debit card တွေထက်ပိုပြီး အလွယ်တကူ လျှောက်ထားရယူနိုင်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ရလွယ်ကူတယ်၊ ဘဏ်အကောင့် မလိုအပ်ဘူး၊ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ထားနိုင်တယ်။ ကဒ်ပျောက်ခဲ့ရင်လည်း ကိုယ်ငွေဖြည့်ထားသလောက်ထား အများဆုံး ဆုံးရှုံးမယ်။ Debit card မှာလို ဘဏ်အကောင့်ထဲက ငွေတွေဆုံးရှုံးမှု မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် အွန်လိုင်းမှာ ဂိမ်းဝယ်တာ၊ Subscription ဖြည့်တာတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ ကလေးတွေအတွက် ပိုက်ဆံသုံးဖို့ ပေးချင်သူတွေ၊ ဘဏ်အကောင့်မရှိသူတွေ၊ အွန်လိုင်းမှာ အသုံးပြုဖို့ ကဒ်လိုချင်သူတွေအတွက် အဆင်အပြေဆုံး ကဒ်ဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက prepaid card က ငွေဖြည့်မထားရင် အသုံးမပြုနိုင်ပါဘူး။ Credit card နဲ့ debit card တွေထက်စာရင် တစ်ခါတစ်ရံ အချို့ အွန်လိုင်းဝဘ်ဆိုဒ်တွေမှာလည်း ကိုယ့်ရဲ့ prepaid card ကို လက်မခံတာမျိုး ရှိနိုင်ပါတယ်။
ကဒ်အမျိုးအစားတွေကို သိသွားပြီဆိုတော့ ကဒ်တွေကအမြဲတမ်း ပလတ်စတစ်ကဒ် (Plastic Card) အမျိုးအစားနဲ့ ထုတ်ဝေတာ မဟုတ်ဘူးဆိုတာလည်း သိထားရပါမယ်။ အသုံးများတဲ့ ပုံစံနှစ်မျိုးကတော့ ပလတ်စတစ်ကဒ် (Plastic Card) ရယ်၊ Virtual Card ရယ်ဆိုပြီး ထုတ်ဝေကြပါတယ်။ Plastic card ကတော့ ပုံမှန်နေရာတိုင်းမှာတွေ့ရတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကဒ်အမျိုးအစားပါ။ Virtual card ဆိုတာကတော့ virtual ဆိုတဲ့အတိုင်း ကိုင်တွယ်ထိတွေ့လို့မရပါ။ အွန်လိုင်းမှာ ငွေပေးချေဖို့အတွက် အဓိက ရည်ရွယ်ပြီး ထုတ်ပေးထားတာပါ။ ကဒ်နံပတ်၊ expiry date နဲ့ CVV ကိုပဲ ဒီဂျစ်တယ်နည်းနဲ့ ထုတ်ပေးထားတာပါ။ Virtual ဖြစ်တာကလွဲပြီး အခြေခံအားဖြင့်တော့ plastic card နဲ့ လုပ်ဆောင်ပုံ အတူတူပဲဖြစ်ပါတယ်။ ဘယ်သူ့တွေနဲ့ သင့်တော်မလဲဆိုရင် အွန်လိုင်းမှာ မကြာခဏ ဈေးဝယ်သူတွေ၊ အပြင်မှာ ကဒ်ကိုင်ဆောင် အသုံးပြုဖို့ မလိုအပ်သူတွေအတွက် သင့်တော်ပါတယ်။
ကဒ်တွေဟာ နည်းပညာရဲ့ အကူအညီနဲ့ ငွေပေးချေမှုကို လွယ်ကူမြန်ဆန်စေတဲ့ ကိရိယာတွေ ဖြစ်ပါတယ်။ Credit Card၊ Debit Card၊ Prepaid Card တွေမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိသလို Physical နဲ့ Virtual ပုံစံတွေနဲ့လည်း မိမိလိုအပ်သလို လျှောက်ထားကိုင်ဆောင်နိုင်ပါတယ်။ ဒီလောက်ဆို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ သုံးစွဲမှုပုံစံပေါ်မူတည်ပြီး ကိုက်ညီတဲ့ ကဒ်အမျိုးအစားကို ရွေးချယ်သုံးစွဲနိုင်ဖို့ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။