Card Payment Ecosystem မှာ ပါဝင်သူများနှင့် အခန်းကဏ္ဍများ

နည်းပညာခေတ်ကို ရောက်လာတာနဲ့အမျှ ငွေပေးချေမှုစနစ်ဟာ ဒစ်ဂျစ်တယ်ပုံစံနဲ့ ပြောင်းလဲလာရင်း ကဒ်ဖြင့်ငွေပေးချေမှု (Card Payments) တွေဟာ နေ့စဉ်ဘဝရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒီလို ကဒ်ဖြင့်ငွေပေးချေမှု ecosystem တစ်ခုလုံးကို ထိန်းသိမ်းထားနိုင်ဖို့ အဓိက ပါဝင်သူ (Key Players) တွေရှိပြီး သူတို့တစ်ဦးချင်းစီမှာ သီးခြားအခန်းကဏ္ဍတွေ ရှိကြပါတယ်။ အဲဒီ ပါဝင်သူတွေရဲ့ တာဝန်နဲ့ လုပ်ဆောင်ပုံကို နည်းပညာရှုထောင့်ကနေ ပြောပြပေးပါမယ်။

Card Payments Ecosystem

၁။ ကဒ်ကိုင်ဆောင်သူ (Cardholder)

ကဒ်ငွေပေးချေမှု စနစ်ရဲ့ အစပျိုးသူကတော့ ကဒ်ကိုင်ဆောင်သူပါ။ သူတို့က ဘဏ်ကဒ် (Debit Card)၊ အကြွေးဝယ်ကဒ် (Credit Card) ဒါမှမဟုတ် ကြိုတင်ငွေဖြည့်ကဒ် (Prepaid Card) ကို အသုံးပြုပြီး ကုန်ပစ္စည်းဝယ်ယူတာ၊ ဝန်ဆောင်မှုရယူတာတွေ လုပ်ပါတယ်။ ကဒ်ကိုင်ဆောင်သူဟာ ဒီစနစ်ရဲ့ အဓိက အသုံးပြုသူ (End-user) ဖြစ်ပြီး ငွေပေးချေမှုလုပ်ငန်းစဉ်ကို စတင်တဲ့ သူလည်း ဖြစ်ပါတယ်။ ငွေပေးချေမှုပြုလုပ်ဖို့အတွက် အသုံးပြုသူဟာ ကဒ်ကို POS စက် (Point of Sale Terminal) မှာ ငွေပေးချေတာ၊ ဒါမှမဟုတ် အွန်လိုင်းမှာ ecommerce အနေဖြင့် ငွေပေးချေတာ၊ ဒါမှမဟုတ် ATM မှာ အသုံးပြုတာ အစရှိသဖြင့် အသုံးပြုကြပါတယ်။

၂။ ကဒ်ထုတ်ပေးသူ (Card Issuer)

ကဒ်ထုတ်ပေးသူကတော့ ကဒ်ကိုင်ဆောင်သူကို ကဒ်ထောက်ပံ့ပေးတဲ့ ဘဏ် ဒါမှမဟုတ် ဘဏ်လိုမျိုး ငွေကြေးအဖွဲ့အစည်းတွေပါ။ ဥပမာ – KBZ ၊ AYA ၊ CB ၊ Yoma လို ဘဏ်တွေက ဒီနေရာမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က ကဒ်ကိုင်ဆောင်သူရဲ့ ငွေစာရင်းကို စီမံပေးတာ၊ ကဒ်လုံခြုံမှု (Security) ကို ထိန်းသိမ်းတာ၊ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ ငွေထုတ်ပေးဖို့ အတည်ပြုတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အကြွေးဝယ်ကဒ်ဆိုရင် ချေးငွေထောက်ပံ့မှု (Credit Line) ပေးတာလည်း သူတို့ရဲ့ အလုပ်ပါ။ နည်းပညာအရ သူတို့ဟာ Authentication နဲ့ Authorization လုပ်ငန်းစဉ်တွေမှာ အဓိက တာဝန်ယူရပါတယ်။

၂။ ကဒ်ထုတ်ပေးသူ (Card Issuer)

ကဒ်ထုတ်ပေးသူကတော့ ကဒ်ကိုင်ဆောင်သူကို ကဒ်ထောက်ပံ့ပေးတဲ့ ဘဏ် ဒါမှမဟုတ် ဘဏ်လိုမျိုး ငွေကြေးအဖွဲ့အစည်းတွေပါ။ ဥပမာ – KBZ ၊ AYA ၊ CB ၊ Yoma လို ဘဏ်တွေက ဒီနေရာမှာ ပါဝင်ပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က ကဒ်ကိုင်ဆောင်သူရဲ့ ငွေစာရင်းကို စီမံပေးတာ၊ ကဒ်လုံခြုံမှု (Security) ကို ထိန်းသိမ်းတာ၊ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ ငွေထုတ်ပေးဖို့ အတည်ပြုတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် အကြွေးဝယ်ကဒ်ဆိုရင် ချေးငွေထောက်ပံ့မှု (Credit Line) ပေးတာလည်း သူတို့ရဲ့ အလုပ်ပါ။ နည်းပညာအရ သူတို့ဟာ Authentication နဲ့ Authorization လုပ်ငန်းစဉ်တွေမှာ အဓိက တာဝန်ယူရပါတယ်။

၃။ ကဒ်လက်ခံသူ၊ ဆိုင်ရှင် (Card Acceptor or Merchant)

ကဒ်လက်ခံသူကတော့ ကုန်ပစ္စည်းရောင်းချသူ ဒါမှမဟုတ် ဝန်ဆောင်မှုပေးသူတွေ ဖြစ်ပါတယ်။ စူပါမားကတ်၊ စားသောက်ဆိုင်၊ အွန်လိုင်းစတိုး အစရှိသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ငွေပေးချေမှုကို လက်ခံဖို့ POS စက်၊ QR Code Scanner ဒါမှမဟုတ် Payment Gateway တွေ အသုံးပြုပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Transaction Request ကို စတင်ပြီး ကဒ်အချက်အလက်တွေကို စနစ်ထဲ ပို့လွှတ်တာပါ။ ဒီလုပ်ငန်းစဉ်မှာ လုံခြုံရေးအတွက် PCI-DSS (Payment Card Industry Data Security Standard) လိုမျိုး စံနှုန်းတွေကို လိုက်နာရပါတယ်။

၄။ ကဒ်လက်ခံဘဏ် (Card Acquirer)

ကဒ်လက်ခံဘဏ်ကတော့ ကဒ်လက်ခံသူ၊ ဆိုင်ရှင်တွေကို နည်းပညာနဲ့ ငွေကြေးလုပ်ငန်းစဉ်တွေ ဝန်ဆောင်မှုပေးထားတဲ့ ဘဏ်တွေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေပါ။ သူတို့က ဆိုင်ရှင်တွေရဲ့ အကောင့်ကို စီမံပေးပြီး ငွေပေးချေမှုတွေ ပြီးမြောက်အောင် ဆောင်ရွက်ပါတယ်။ နည်းပညာအရ သူတို့ဟာ Transaction Processing နဲ့ Settlement လုပ်ငန်းစဉ်တွေမှာ အဓိကပါဝင်ပြီး ကဒ်ကွန်ရက် (Card Network) နဲ့ ချိတ်ဆက်ပေးတဲ့ ကြားခံဆောင်ရွက်ပေးသူအဖြစ် လုပ်ဆောင်ပါတယ်။ ဥပမာ – ဆိုင်ရှင်တစ်ယောက်ရဲ့ ငွေပေးချေမှုကို လက်ခံပြီးနောက်မှာ သူ့အကောင့်ထဲကို ငွေထည့်ပေးတာက သူတို့အလုပ်ပါ။

၅။ ကဒ်ကွန်ရက် (Card Network)

ကဒ်ကွန်ရက်ကတော့ ဒီစနစ်ရဲ့ အဓိက ချိတ်ဆက်ပေးသူပါ။ ဥပမာ – မြန်မာပြည်မှာဆို MPU ကဒ်လို့ခေါ်တဲ့ Myanmar Payment Union ၊ နိုင်ငံတကာမှာဆို Visa၊ Mastercard၊ JCB၊ UnionPay ၊ American Express ၊ Diners Club တို့လို အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကဒ်ထုတ်ပေးသူ (Issuer) နဲ့ ကဒ်လက်ခံဘဏ် (Acquirer) ကြားက ငွေပေးချေမှု အချက်အလက်တွေကို လွှဲပြောင်းပေးပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Payment Authorization၊ Clearing နဲ့ Settlement လုပ်ငန်းစဉ်တွေကို စီမံပေးတာပါ။ ဒါ့အပြင် Transaction တစ်ခုချင်းစီအတွက် စည်းမျဉ်းတွေ (Standards) ချမှတ်ပြီး လုံခြုံရေးကို ထိန်းသိမ်းပေးပါတယ်။

၆။ ငွေပေးချေမှု ဝန်ဆောင်မှုပေးသူ (Payment Service Provider)

PSP တွေကတော့ ငွေပေးချေမှုလက်ခံသူ card acceptor တွေနဲ့ ဘဏ်တွေကြားက ချိတ်ဆက်ပေးတဲ့ နည်းပညာကုမ္ပဏီတွေ ဖြစ်ပါတယ်။ ဥပမာ – Stripe၊ PayPal၊ 2C2P၊ Dinger တို့လို ကုမ္ပဏီတွေ ပါဝင်ပါတယ်။ သူတို့ဟာ Payment Gateway၊ Mobile Payment Solution တွေ ထောက်ပံ့ပေးပြီး ငွေပေးချေမှုလုပ်ငန်းစဉ်ကို ချောမွေ့စေပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Transaction Processing၊ Data Encryption နဲ့ Integration တွေကို စီမံပေးတာပါ။

၇။ စည်းမျဉ်းချမှတ်သူ (Regulator) စည်းမျဉ်းချမှတ်သူကတော့ ဒီစနစ်တစ်ခုလုံးကို ကြီးကြပ်ပြီး တရားဝင်မှု၊ လုံခြုံမှု၊ ပွင့်လင်းမှုရှိအောင် ထိန်းသိမ်းတဲ့ အစိုးရအဖွဲ့အစည်းတွေပါ။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar) က ဒီနေရာမှာ ပါဝင်ပါတယ်။ သူတို့ဟာ ငွေပေးချေမှုဆိုင်ရာ ဥပဒေတွေ၊ လုံခြုံရေးစံနှုန်းတွေ ချမှတ်ပြီး စနစ်ထဲမှာ ပါဝင်သူအားလုံး လိုက်နာရမယ့် မူဝါဒတွေ ထုတ်ပြန်ပါတယ်။ နည်းပညာအရ သူတို့ရဲ့ အခန်းကဏ္ဍက Compliance နဲ့ Risk Management ကို အာမခံပေးတာပါ။ ကဒ်ဖြင့်ငွေပေးချေမှု ecosystem မှာ ပါဝင်သူများအားလုံးဟာ ထုတ်ဝေတဲ့ကဒ်အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ ကဒ်ကွန်ရက်ရဲ့ စည်းမျဉ်းတွေရော၊ PCI DSS လို လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ လိုက်နာလုပ်ဆောင်ရပါတယ်။

ကဒ်ငွေပေးချေမှု ecosystem ဟာ အဲ့ဒီပါဝင်သူတွေ အချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ထားမှသာ အလုပ်လုပ်နိုင်ပါတယ်။ တစ်ဦးချင်းစီမှာ သီးခြားတာဝန်တွေရှိပေမယ့် နည်းပညာနဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ် မူတည်ပြီး အချင်းချင်း ချိတ်ဆက်လည်ပတ်နေတာပါ။ ငွေပေးချေမှု စနစ်မှာ အဆင်ပြေလွယ်ကူမှု၊ လုံခြုံစိတ်ချရမှုနဲ့ မြန်ဆန်မှုကို ပေးနိုင်ဖို့ အဲ့ဒီပါဝင်သူတွေအားလုံးရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် အရေးပါပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top