Card Payment Fee တွေ ဘာလို့ ကောက်တာလဲ

ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ လူတိုင်းအတွက် အဆင်ပြေလွယ်ကူစေပါတယ်။ ငွေသားအထပ်လိုက်၊ အထုပ်လိုက်ပိုက်ပြီး စျေးဝယ်ရတဲ့ဒုက္ခကနေလည်း ကင်းဝေးသွားစေပါတယ်။ ဒါပေမယ့် ကဒ်ဖြင့်ငွေပေးချေမှုစနစ်တစ်ခုလုံး လည်ပတ်နိုင်ဖို့အတွက်၊ ထောက်ပံ့ပေးနိုင်ဖို့အတွက် ပေးရမယ့် တန်ကြေး (Fee) တွေလည်း ရှိပါတယ်။ နည်းပညာပေါ် အခြေခံတည်ဆောက်ထားတာမို့ ဝန်ဆောင်မှုပေးရတဲ့ issuer တွေ၊ acquirer တွေ၊ service provider တွေနဲ့ card network တွေဘက်မှာ ကုန်ကျစရိတ်တွေရှိနေပြီး system တွေ လည်ပတ်နိုင်ဖို့အတွက် fee တွေ ကောက်ခံကြရပါတယ်။ အဲ့ဒီ fee တွေ ဘယ်လို အလုပ်လုပ်လဲ၊ ဘယ်သူတွေက ဘယ်လို ပေးဆောင်ရလဲဆိုတာကို နားလည်ထားရင် card payment ecosystem အကြောင်း ပိုပြီး သဘောပေါက်လာမှာပါ။

Card Payment Fee

Photo Credit: www.freepik.com

၁။ ကဒ်လက်ခံသူ Merchant က ပေးရတဲ့ Merchant Discount Rate (MDR)

ပထမဆုံး Merchant Discount Rate (MDR) ကို ပြောပါမယ်။ ဆိုင်ရှင် သို့မဟုတ် ရောင်းချသူဘက်ကနေ ကဒ်လက်ခံဖို့ စနစ်ထောက်ပံ့ပေးထားတဲ့ acquirer ဘဏ်ဘက်ကို ပေးရတဲ့ အခကြေးငွေဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုင်ရှင်ဆိုတာ ပြင်ပမှာဖွင့်ထားတဲ့ ဆိုင်ဖြစ်နိုင်သလို online မှာ ရောင်းချတဲ့ ecommerce ဝဘ်ဆိုဒ်တွေ app တွေလည်း ပါဝင်ပါတယ်။ MDR fee ဆိုတာက transaction တစ်ကြောင်းတိုင်းမှာ အဲ့ဒီ transaction ရဲ့ ရာခိုင်နှုန်းပမာဏတစ်ခုဖြစ်စေ၊ ပုံသေသတ်မှတ်ထားတဲ့ fixed fee တစ်ခုဖြစ်စေ ပေးရတာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ရာခိုင်နှုန်း  % နဲ့ ကောက်ခံကြပါတယ်။ ရောင်းချလိုက်တဲ့ ငွေပမာဏရဲ့  ၂% – ၃% အစရှိသဖြင့် ရာခိုင်နှုန်းတစ်ခုကို ဆိုင်ရှင်ကနေ acquirer ဘဏ်ကို ပေးရတာဖြစ်ပါတယ်။

ဒီနေရာမှာ အသုံးပြုတဲ့ ကဒ်ဟာ credit ကဒ်လား၊ debit ကဒ်လား၊ ပြည်တွင်းသုံး MPU ကဒ်လား၊ Visa ၊ Mastercard လို နိုင်ငံတကာသုံး ကဒ်အမျိုးအစားလားပေါ် မူတည်ပြီး ပေးရမယ့် MDR rate က ကွာခြားချက်ရှိမှာပါ။ နောက်ပြီး ဆိုင်ရဲ့ရောင်းအားနဲ့ acquiring ဘဏ်ဘက်နဲ့ ညှိနှိုင်းထားနိုင်မှုပေါ်မူတည်ပြီး MDR rate က အနည်း အများ ကွာခြားချက်ရှိနိုင်ပါတယ်။ ဆိုင်က ရောင်းအားလည်းကောင်းမယ်၊ ဘဏ်နဲ့လည်း သေချာညှိနှိုင်းထားနိုင်မယ်ဆိုရင် MDR rate နည်းနည်းပဲ ပေးရတာမျိုး ဖြစ်နိုင်ပါတယ်။

MDR rate နဲ့ ပတ်သတ်ရင် အချို့ဆိုင်တွေက သတ်မှတ်စျေးနှုန်းအတိုင်း ငွေသားနဲ့ဝယ်သည်ဖြစ်စေ၊ ကဒ်နဲ့ ဝယ်သည်ဖြစ်စေ စျေးနှုန်းအတူတူပဲ ရောင်းချတာရှိသလို၊ အချို့ဆိုင်တွေမှာ ကဒ်နဲ့ ဝယ်သူတွေဆီက ကဒ်အသုံးပြုခဆိုပြီး အပိုငွေ (Surcharge) တွေ ကောက်ခံကြတာမျိုးလည်းရှိပါတယ်။

၂။ ကဒ်ကိုင်ဆောင်သူက ပေးရတဲ့ Cardholder Fee

ကဒ်ကိုင်ဆောင်သူ Cardholder Fee ကနေ issuer ဆီကို တိုက်ရိုက်ပေးဆောင်ရတဲ့ အခကြေးငွေ (Cardholder Fee) တွေလည်း ရှိပါတယ်။ ကဒ်အသုံးပြုသူတွေအနေနဲ့ နှစ်စဉ်ကြေးဆိုပြီး annual fee တွေ ပေးရပါတယ်။ Debit ကဒ် credit ကဒ် prepaid ကဒ် အစရှိသဖြင့် အသုံးပြုတဲ့ ကဒ်အမျိုးအစားပေါ်မူတည်ပြီး ကောက်ခံကြ၊ ပေးကြရပါတယ်။ ကဒ်အသုံးပြုတဲ့အခါမှာလည်း ATM မှာငွေထုတ်တဲ့အခါ အထူးသဖြင့် credit card နဲ့ ငွေထုတ်ယူတဲ့အခါမှာ cash advance fee ဆိုပြီး ငွေထုတ်ယူခ ကောက်ခံတတ်ပါတယ်။ မတူညီတဲ့ card acquirer ဘဏ်ရဲ့ ATM မှာ ငွေထုတ်တဲ့အခါမှာလည်း ငွေထုတ်ခ ပေးရပါတယ်။ ‌နောက်ပြီး ATM ကနေ ငွေလွှဲတဲ့အခါမှာလည်း ငွေလွှဲခ balance transfer fee ကောက်ခံကြပါတယ်။ မတူညီတဲ့ ငွေကြေး (Currency) တွေ လဲလှယ်အသုံးပြုရတဲ့ cross currency အသုံးပြုတဲ့ transaction တွေမှာဆိုရင် FX markup fee တွေ၊ foreign transaction fee တွေ ကောက်ခံကြပါတယ်။ Credit ကဒ်တွေမှာဆို အကြွေးဝယ်ကဒ်ဖြစ်တာမို့ အတိုး (Interest) ပေးရပါတယ်။ နောက်ပြီး ကိုယ်သုံးစွဲထားတဲ့ ငွေကို အပြည့်ပြန်မဆပ်ခဲ့ရင် နောက်ကြကြေး (Late Fee) တွေ ဒဏ်ကြေး (Penalty fee) တွေလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒီအခကြေးငွေဟာ ဘဏ်က ကဒ်ကိုင်ဆောင်သူတွေကို credit card နဲ့ အကြွေးတွေချပေးနိုင်ဖို့၊ နောက်ပြီး reward တွေ၊ cashback တွေ ပေးနိုင်ဖို့နဲ့ စနစ်တွေလည်ပတ်နိုင်ဖို့ ကုန်ကျစရိတ်တွေအတွက် ကောက်ခံရတာဖြစ်ပါတယ်။

၃။ Acquirer က Issuer ကို ပေးရတဲ့ Interchange Fee

နောက်တစ်ခုက Interchange Fee ဖြစ်ပါတယ်။ ဒါက ကဒ်ထုတ်ပေးတဲ့ ဘဏ်ကို ကဒ်လက်ခံဘဏ်က ပေးရတဲ့ အခကြေးငွေ ဖြစ်ပြီး ငွေပေးချေမှု တစ်ခုချင်းစီရဲ့ သေးငယ်တဲ့ ရာခိုင်နှုန်း % တစ်ခုကို ပေးရမှာပါ။ Interchange fee ရဲ့ ရည်ရွယ်ချက်က ကဒ်ကိုင်ဆောင်သူတွေကို Cashback၊ Reward Points လို ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ ဘဏ်ရဲ့ ကုန်ကျစရိတ်ကို အထောက်အပံ့ပေးနိုင်ဖို့ပါ။

၄။ ဘဏ်တွေက ပေးရတဲ့ Card Network Fee

Card Network Fee ဆိုတာလည်း ရှိပါတယ်။ အဲ့ဒါကတော့ ဘဏ်တွေကနေ Visa၊ Mastercard လို ကဒ်ကွန်ရက်တွေကို ပေးရတဲ့ အခကြေးငွေ ဖြစ်ပြီး ငွေပေးချေမှု စနစ်ကို ထိန်းကျောင်းဖို့နဲ့ လုံခြုံရေးနည်းပညာတွေ ထောက်ပံ့ဖို့၊ စနစ်လည်ပတ်စေဖို့ အသုံးပြုပါတယ်။ Card network တွေဟာ ငွေပေးချေမှု လုပ်ငန်းစဉ်ကို ချောမွေ့စေပြီး မတူညီတဲ့ ဘဏ်တွေကြား ချိတ်ဆက်ပြီး transaction ပြုလုပ်နိုင်စေဖို့ ဆောင်ရွက်ပေးတာမို့ card network fee ကလည်း card payment ecosystem မှာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ခြုံငုံပြောရရင် ကဒ်ဖြင့်ငွေပေးချေမှု (Card payment) မှာ အကျိုးကျေးဇူးတွေနဲ့ စိန်ခေါ်မှုတွေ နှစ်မျိုးလုံး ရှိပါတယ်။ အကျိုးကျေးဇူးအနေနဲ့ ငွေသားမသုံးဘဲ ငွေပေးချေလို့ရတာ၊ လုံခြုံရေး အာမခံချက်ရှိတာ၊ စီးပွားရေး လည်ပတ်မှု မြန်ဆန်လာတာတွေ ပါဝင်ပါတယ်။ စိန်ခေါ်မှုအနေနဲ့ ဆိုင်ရှင်တွေအတွက် MDR rate ပေးဆောင်ရတာကြောင့် အမြတ်ဝင်ငွေနည်းသွားတာ၊ ကဒ်ကိုင်ဆောင်သူတွေအဖို့ surcharge ပေးရတာ တွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကဒ်ဖြင့်ငွေပေးချေမှုမှာ ပေးဆောင်ရတဲ့ အခကြေးငွေတွေဟာ card payment ecosystem လည်ပတ်နိုင်စေဖို့နဲ့ ecosystem မှာ ပါဝင်တဲ့ stakeholder တိုင်းအတွက် အပြန်အလှန် အကျိုးပြုနိုင်ဖို့၊ နည်းပညာကို ပံ့ပိုးပေးနိုင်ဖို့၊ payment security အတွက် လုံခြုံရေးတွေ အဆင့်မြှင့်နိုင်ဖို့ အထောက်အကူ ပေးနေတာကို နားလည်ထားရပါမယ်။ ဒီလောက်ဆို ကဒ်အသုံးပြုတဲ့အခါ ပေးရတဲ့ fee တွေနဲ့ အဲ့ဒါတွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာကို နားလည်လာပြီး အရင်ထက် ပိုပြီး စိတ်ချလက်ချ card payment တွေကို အသုံးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top