Card Payment စနစ်တွေကြား ဘယ်လိုဆက်သွယ်ကြသလဲ

Card Payments စနစ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့အတွက် ISO 8583 ကို စံသတ်မှတ်ချက် (Messaging Standard) အဖြစ် အသုံးပြုပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကဒ်နဲ့ ငွေရှင်းတယ်ဆိုပါစို့။ ကဒ်ကို စက်ထဲထည့်ပြီး ငွေချေလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှု ပြီးသွားပါတယ်။ အဲ့ဒီလို ဖြစ်ဖို့အတွက် Acquirer ကနေ Card Network ၊ Card Network ကနေ Card Issuer ကို ဆက်သွယ်ဖို့ရာ ISO 8583 ရဲ့ သတ်မှတ်ချက်တွေအတိုင်း အချင်းချင်း ဆက်သွယ်ပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ ကဒ်အချက်အလက်၊ ငွေပမာဏ၊ သုံးစွဲတဲ့အချိန် စတဲ့အရာတွေကို ဘဏ်ဆီပို့ပေးပြီး ဘဏ်က ခွင့်ပြုမလား၊ ငြင်းမလားဆိုတာကို ပြန်ဖြေပေးပါတယ်။ ISO 8583 ကို Transaction Process မှာပါဝင်တဲ့ စက်တွေ၊ စနစ်တွေက လိုက်နာပြီး အသုံးပြုကြတာမို့ မတူညီတဲ့ စက်၊ စနစ်တွေဖြစ်ပေမယ့် အပြန်အလှန်ဆက်သွယ်နိုင်တာဖြစ်ပါတယ်။

Introduction to ISO 8583

ISO 8583 မှာ version ၃ခုရှိပြီး ၁၉၈၇ မှာ version 0 ၊ ၁၉၉၃ မှာ version 1 နဲ့ ၂၀၀၃ မှာ version 2 ဆိုပြီး ထွက်ထားပါတယ်။ လက်ရှိ Card Payments Industry မှာ အသုံးအများဆုံးနဲ့ တွင်ကျယ်စွာ အသုံးပြုနေကြတာကတော့ ISO 8583 version 0 ပဲ ဖြစ်ပါတယ်။ ISO 8583 Message တွေရဲ့ တည်ဆောက်ပုံကို ပြောရရင်တော့ ISO 8583 Message တွေမှာ ဒေတာပို့တဲ့အခါ အဓိကအားဖြင့် အစိတ်အပိုင်း ၃ခု ပါဝင်ပါတယ်။

  1. Message Type Indicator (MTI): MTI ကတော့ Message အမျိုးအစားကို ဖော်ပြတာပါ။ MTI မှာ နံပါတ်၄လုံး ပါဝင်ပြီး ပထမဆုံးနံပါတ်က အသုံးပြုမယ့် ISO 8583 message ရဲ့ version ကို ဖော်ပြပါတယ်။ ဒုတိယနံပါတ်ကတော့ Message ရဲ့ လုပ်‌ဆောင်ချက်ကို ဖော်ပြပေးပြီး၊ တတိယနံပါတ်ကတော့ Request လုပ်တာလား၊ Response ပြန်တာလားဆိုတာကို ဖော်ပြပါတယ်။ စတုတ္တနံပါတ်ကတော့ Message ရဲ့ လာရာ (Source) ကို ဖော်ပြပါတယ်၊ Acquirer ကနေ လာသလား၊ Issuer ကနေလာသလား အစရှိသဖြင့်ပေါ့။ ဥပမာ – MTI 0200 ဆိုရင် အဓိပ္ပာယ်က ပထမဆုံး 0 က ISO 8583 version 0 (1987) ကို ကိုယ်စားပြုပါတယ်။ ဒုတိယနံပါတ် 2 က Financial သုံးစွဲမှုတစ်ခုခုလုပ်မယ့် message ဖြစ်တယ်လို့ ပြောပါတယ်။ တတိယနံပါတ် 0 ကတော့ Request လုပ်တာပါလို့ ပြောပါတယ်။ စတုတ္ထနံပါတ် 0 ကတော့ Acquirer ဆီကနေ လာတာလို့ ပြောပါတယ်။
  2. Bitmap: Bitmap ကတော့ ပို့လိုက်တဲ့ message မှာ ဘယ်ဒေတာအချက်အလက်တွေ (Data Elements) ပါမယ်ဆိုတာကို ဖော်ပြပါတယ်။
  3. Data Elements: Data Elements (DE) တွေကတော့ ကဒ်နံပါတ်၊ အသုံးပြုတဲ့ ငွေပမာဏ၊ ငွေပေးချေတဲ့အချိန် အစရှိသဖြင့် Transaction နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပါတယ်။

ဒီနေရာမှာ ကဒ်စနစ်ကို ကိုင်တွယ်နေရသူတွေဖြစ်ဖြစ်၊ သာမာန်အသုံးပြုသူတွေအဖြစ်ဖြစ် သိထားသင့်တာကတော့ DE 39 ဖြစ်တဲ့ response code တွေပါ။ Response code ဆိုတာကတော့ အသုံးပြုလိုက်တဲ့ Transaction ကို သက်ဆိုင်ရာ Issuer ဖြစ်စေ၊ Acquirer ဖြစ်စေ၊ Card Network ကဖြစ်စေ အသုံးပြုခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို အကြောင်းပြန်ရာမှာအသုံးပြုတဲ့ code ဖြစ်ပါတယ်။

များသောအားဖြင့် တွေ့ရတတ်တဲ့ Response code တွေနဲ့ ဖြေရှင်းနည်းတွေကတော့…

  • 00 – Approved: အသုံးပြုခွင့်ပြုပါတယ်
  • 05 – Do Not Honor: အသုံးပြုခွင့်မပေးပါ (သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ Issuer နဲ့ စစ်ဆေးပါ)
  • 14 – Invalid Card Number: ကဒ်နံပါတ်မှားယွင်းနေပါတယ် (Card Present transaction တွေမှာဆို ကဒ်ထုတ်ပေးတဲ့ process မှာ တစ်ခုခုပြဿနာရှိတာ ဖြစ်နိုင်တယ်၊ Issuer နဲ့ စစ်ပါ။ Card Not Present ဖြစ်တဲ့ e-commerce transaction တွေမှာဆို ကဒ်နံပါတ် မှားရိုက်မိတာကြောင့် ဖြစ်နိုင်တယ်၊ ကဒ်နံပါတ်မှန်အောင် ပြန်ရိုက်ထည့်ကြည့်ပါ)
  • 51 – Insufficient Funds: ငွေမလုံလောက်ပါ (အကောင့်ထဲ ငွေဖြည့်ပါ)
  • 54 – Expired Card: ကဒ်သက်တမ်းကုန်နေပါတယ် (Issuer နဲ့ ဆက်သွယ်ပြီး ကဒ်အသစ် ထုတ်ပါ၊ e-commerce မှာဆို expiry date မှားရိုက်မိရင်လည်း ဖြစ်တတ်ပါတယ်၊ expired မဖြစ်သေးရင် date အမှန်နဲ့ ပြန်သုံးကြည့်ပါ)
  • 55 – Incorrect PIN: PIN နံပါတ်မှားနေပါတယ် (PIN နံပါတ် အမှန်နဲ့ ပြန်သုံးကြည့်ပါ၊ PIN မေ့သွားတာဆိုရင် ဘဏ်ကို ဆက်သွယ်ပြီး အသစ်ပြောင်းပါ)
  • 59 – Suspected Fraud: လိမ်လည်မှုလုပ်နေသလား သံသယရှိတယ် (ဘဏ်ကိုဆက်သွယ်ပြီး အကြောင်းရင်းကို စစ်ဆေးပါ)
  • 75 – PIN Tries Exceeded: သတ်မှတ်ထားသော PIN မှားခွင့် အကြိမ်ရေထက် ကျော်သွားပါပြီ (ဘဏ်ကိုဆက်သွယ်ပြီး PIN Lock ဖြည်ခိုင်းပါ၊ PIN မေ့သွားတာဆိုရင် အသစ်ပြောင်းပါ)

ဆက်ပြီးတော့ ISO 8583 Message ရဲ့ တည်ဆောက်ပုံကို လေ့လာနိုင်အောင် နမူနာ (Sample Message) တစ်ခုကိုပါ ဖော်ပြပေးလိုက်ပါတယ်။ နားလည်လွယ်မယ်လို့ ထင်ပါတယ်။ ATM မှာ ငွေထုတ်တဲ့ Transaction အတွက် ပို့တဲ့ message ဖြစ်ပါတယ်။

MTI: 0200
Bitmap: F238000108A18010
DE 2: Primary Account Number: [Card Number]
DE 3: Processing Code: 010000
DE 4: Transaction Amount: 000005000000
DE 7: Transmission Date and Time: 0323154040
DE 11: System Trace Audit Number: 654321
DE 12: Local Transaction Time: 164040
DE 13: Local Transaction Date: 0323
DE 18: Merchant Category Code: 6011
DE 22: Point of Service Entry Mode: 021
DE 32: Acquiring Institution ID Code:12345678
DE 37: Retrieval Reference Number: XYZ987654321
DE 41: Card Acceptor Terminal ID: ATM00123
DE 49: Currency Code: 104

ဒီလောက်ဆိုရင်တော့ ISO 8583 message အကြောင်းနဲ့ သဘောတရားကို သိသွားလောက်ပါပြီ။ လက်ရှိအချိန်အထိ Visa ၊ Mastercard အပါအဝင် Major Card Brand တွေမှာ ISO 8583 ကို အသုံးပြုပါတယ်။ မြန်မာပြည်က Card Network ဖြစ်တဲ့ MPU မှာလည်း ISO 8583 ကိုပဲ Messaging Standard အဖြစ်သုံးပါတယ်။ အဲ့ဒါကြောင့် ISO 8583 Message တွေကို နားလည်ထားရင် ကဒ်အသုံးပြုသူ (User) တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ကဒ်စနစ်တွေနဲ့ ထိတွေ့လုပ်ကိုင်ရတဲ့ Software Engineer တွေဖြစ်ဖြစ်၊ Payment Service Provider တွေနဲ့ ဘဏ်တွေမှာ အလုပ်လုပ်ရတဲ့ Professional တွေအတွက်ပဲဖြစ်ဖြစ် အများကြီး အကျိုးရှိမှာပါ။ မကြာခင်ထွက်လာမယ့် Card Payments Professional စာအုပ်ထဲမှာလည်း ISO 8583 အကြာင်းအသေးစိတ်နဲ့ case studies တွေကို ရေးပေးထားပါမယ်။ တစ်ခုခုမရှင်းတာ သိချင်တာရှိရင်လည်း လာမေးလို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top